ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဗင်ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုအတွင်း ကလေး (၂) ဦး အပါအဝင် (၁၁) ဦး သေဆုံး

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဗင်ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုအတွင်း ကလေး (၂) ဦး အပါအဝင် (၁၁) ဦး သေဆုံး
ဇန်နဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ခရီးသည်တင် ဗင်ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုအတွင်း ကလေး (၂) ဦး အပါအဝင် လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြောသည်။ 

လူ (၁၂) ဦး လိုက်ပါလာသည့် ဗင်ကားမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Amnat Charoen ပြည်နယ်မှ ဘန်ကောက်သို့ မောင်းနှင်လာစဥ် နိုင်ငံအလယ်ပိုင်း Nakhon Ratchasimas ပြည်နယ်အတွင်း အမြန်လမ်းမတွင် ဇန်နဝါရီလ (၂၁) ရက်နေ့၏ ညပိုင်းက လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း ရဲဗိုလ်မှူးကြီး Yingyos Poldej က ပြောသည်။

 တိမ်းမှောက်ခဲ့သည့် ဗင်ကားထဲမှ အမျိုးသားတစ်ဦး ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ထွက်လာနိုင်ခဲ့သော်လည်း အခြား ခရီးသည်များမှာ ကားထဲတွင် ပိတ်မိပြီး မီးလောင်မှုအတွင်း သေဆုံးခဲ့ကြကြောင်း သိရသည်။ 

အသက်ရှင်ကျန်ခဲ့သည့် အသက် (၂၀) နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ Thanachit Kingkaew က ၎င်းမှာ အိပ်ပျော်နေခဲ့ပြီး တစ်စုံတစ်ဦးက ကြောက်လန့်တကြား အော်ဟစ်သံကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်နိုးလာပြီးတော့ သိလိုက်ရတာက ဗင်ကားက တိမ်းမှောက်နေခဲ့တာပဲ။ ဘာဖြစ်ခဲ့လဲ ကျွန်တော်မသိဘူး။ ကားမှောက်ပြီးတော့ အနောက်ဘက်ကနေစပြီး ကားတစ်စီးလုံးကို မီးလောင်သွားခဲ့တာ။ ကျနော်က ကားပြတင်းပေါက်မှန်တွေကို ခြေထောက်ကန်ပြီး အပေါက်ကျဥ်းလေးတစ်ခုကနေ အပြင်ဘက်ကို တွားသွားထွက်လာနိုင်ခဲ့တယ်။ သိပ်မကြာဘူး ဗင်ကားက ပေါက်ကွဲသွားခဲ့တယ်" ဟု Thanachit က ပြောသည်။

ဒေသခံ ကယ်ဆယ်ရေးအဖွဲ့မှ Nikhom Seaun ကလည်း ဗင်ကားမှာ မီးလောင်ပြီးနောက် စက္ကန့်ပိုင်းအကြာတွင် ပေါက်ကွဲခဲ့ကြောင်း ပြောသည်။ 

"ဗင်ကားတစ်စီးလုံး မီးလောင်သွားတာ စက္ကန့် (၃၀) မကြာလိုက်ဘူး။ မီးသတ်ဆေးဘူးကိုင်ထားပြီး ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဗင်ကားက (၂) ကြိမ်ကနေ (၃) ကြိမ်လောက် ပေါက်ကွဲခဲ့တယ်" ဟု ၎င်းက ဆိုသည်။

တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲခဲ့သည့် ဗင်ကားတွင် ဆီနှင့်ဂက်စ် (၂) မျိုးသုံးစနစ် တပ်ဆင်ထားခြင်းဖြစ်သော်လည်း ကနဦး စစ်ဆေးမှုများအရ ဂက်စ်အိုးတွင် ယိုစိမ့်မှု မတွေ့ရကြောင်း ရဲဗိုလ်မှူးကြီး Yingyos က ပြောသည်။ 

"ဆီကြောင့် မီးလောင်မှုဖြစ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်" ဟု ၎င်းကဆိုသည်။ 

ဗင်ကား လမ်းချော်တိမ်းမှောက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Yingyos က ဖြည့်စွက်ပြောခဲ့သည်။ 

လမ်းအန္တရာယ်ကင်းရှင်းရေး မှတ်တမ်းဆိုးရှိသည့် ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် အများပြည်သူ အားလပ်ရက်များတွင် အဖြစ်များကြောင်း သိရသည်။

 Source: AFP

Photo: KraSae, ภาพ กู้ภัยฮุก31 แ