လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီးမော့ဆိုတို့တွင် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် တိုက်ပွဲအခြေအနေ

 Photo: KNDF/B-02(Loikaw Zone)
Photo: KNDF/B-02(Loikaw Zone)
လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီးမော့ဆိုတို့တွင် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် တိုက်ပွဲအခြေအနေ
ဖေဖော်ဝါရီ 15, 2022 | ကယား

 လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆိုတို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်နှင့် PDF ပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း  စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အများအပြားသေခဲ့ကာ ပြည်သူ (၂) ဦးမီးရှို့သတ်ခံခဲ့ရကြောင်း KNDF က ယနေ့ ဖေဖော်ဝါရီလ(၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

                                                              

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ဖာတီမာကျေးရွာအနီးသို့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၇)ဦးသေကာ အများအပြားထိခိုက်ဒဏ်ရာရသဖြင့် တင့်ကားများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 KNDF/B-02(Loikaw Zone)

ယင်းနောက် အာဏာသိမ်းစစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ဖာတီမာနှင့် သုံးမိုင်(ပါကျဲ)ကျေးရွာများတွင် အရပ်သားပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း‌နေ့ နေ့လယ်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းမိုင်းကျေးရွာအနီး အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအခြေစိုက် ခလရ (၁၀၂)နှင့် ဒီးမော့ဆို ညောင်ကိုင်းအခြေစိုက် ခမရ(၄၂၇)တပ်ရင်းများအပြင် ဒီးမော့ဆိုမြို့နယ်ရဲစခန်းတို့ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF အဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ မှုပြာကျေးရွာရှိ ရေကန်အနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖော်ဖော်ဝါရီလ (၁၃)ရက်၊ ညနေပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်၊ ညနေပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပါဒေါဒူရပ်ကွက်အတွင်းရှိ နေအိမ်များပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency