ဖရူးဆိုမြို့နယ် ထားလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ယာဉ်တန်းအား KA နှင့် KNDF တို့မှ မိုင်းဆွဲတိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်ဘက်က ကားတစ်စီး ပျက်စီးကာ ထိခိုက်ဒဏ်ရာရသူ များပြား

ဖရူးဆိုမြို့နယ် ထားလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ယာဉ်တန်းအား KA နှင့် KNDF တို့မှ မိုင်းဆွဲတိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်ဘက်က ကားတစ်စီး ပျက်စီးကာ ထိခိုက်ဒဏ်ရာရသူ များပြား
အောက်တိုဘာ 12, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ်အတွင်း၊ ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းအား ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့မှ ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်၏ ကားတစ်စီးပျက်စီးသွားသလို ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း KNDF က ယနေ့ အောက်တိုဘာလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အောက်တိုဘာလ(၁၁)ရက်နေ့ ညနေပိုင်းကလည်း ထားလဲကျေးရွာအနီးတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထားလဲကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပြီး ပြည်သူများ၏ စပါးကျီများကို မီးရှို့ဖျက်ဆီးသွားသလို ကျွဲနွားများကိုလည်း သတ်ဖြတ်သွားသည်ဟု သိရသည်။



အာဏာသိမ်းစစ်တပ် လက်နက်အင်အား စစ်သည်အင်အားများဖြင့် အောက်တိုဘာလ၏ ပထမပတ်အတွင်းက စ၍ပြီး ဖရူမြို့နယ် နှင့် ဘောလခဲမြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေသလို လွိုင်ကော် - ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းများချထားသလို ခြေလျင်တပ်များဖြင့်လည်း စစ်ကြောင်းထိုးသည့်အပြင် ယာဉ်အမျိုးမျိုးဖြင့်လည်း လက်နက်နှင့်ရိက္ခာအင်အားများ ဖြည့်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ဖရူဆိုမြို့နယ်အတွင်း ထားလဲကျေးရွာအနီးတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ကစ၍ ယနေ့ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ အနည်းဆုံး (၅)ကြိမ်းထက် မနည်း ဖြစ်ပွားခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။