ကယားပြည်နယ် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများအား ရုံးမတတ်ကြဖို့ သပိတ်စစ်ကြောင်းမှ တောင်းဆို ဆန္ဒပြ 

ကယားပြည်နယ် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများအား ရုံးမတတ်ကြဖို့ သပိတ်စစ်ကြောင်းမှ တောင်းဆို ဆန္ဒပြ 
ဖေဖော်ဝါရီ 17, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်  ဝန်ထမ်းများမှ ရုံးတတ်နေခြင်းကြောင့် ရုံးမတတ်ဘဲ CDM တွင်ပါဝင်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း မှ ဖေဖော်ဝါရီ (၁၇)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဖေဖော်ဝါရီလ (၁၇)နံနက် (၉)နာရီမှစ၍ ကယားပြည်နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် သွားရောက်ကာ ထိုင်သပိတ်ပြုလုပ်၍ ဝန်ထမ်းများ ရုံးမတတ်ဘဲ CDM တွင် လွတ်လပ်စွာပါဝင်ကြရန် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။ 

 

လွိုင်ကော်မြို့ရှိ  မြန်မာ့စီးပွားရေး ဘဏ်နှင့် အခြားပုဂ္ဂလိက ဘဏ်များကို စစ်တပ်မှ လုံခြုံရေးများချထားပြီး ​မြန်မာ့စီးပွားရေး ဘဏ်ရှေ့တွင် သံဆူးကြိုးအကာအရံများချ၍ စစ်သားများ လုံခြုံရေးယူထားခဲ့ပြီး သပိတ်စစ်ကြောင်းမှ လည်း ဘဏ်ရှေ့လမ်းမပေါ်တွင် ထိုင်သပိတ်ပြုလုပ်ကာ လူပေါင်းထောင်ချီ စုရုံးဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ထိုင်သပိတ်ပြုလုပ်နေခြင်းကြောင့် ရဲတပ်ဖွဲ့မှ ဘဏ်နှင့် မနီးမဝေးရှိ ပြည်နယ်ခန်းမရှေ့တွင် ပိတ်ဆို့ထားခဲ့သော်လည်း သပိတ်စစ်ကြောင်းမှ ပြန်လည်ထွက်ခွာခဲ့ခြင်းကြောင့် ထိပ်တိုက်မတွေ့ဘဲ သပိတ်စစ်ကြောင်းမှာ မြို့တွင်းလှည့်လည်၍ စုရပ်ဖြစ်သည့် နောင်းယားကန်တွင် အဆုံးသပ်ကာ လူစုခွဲခဲ့ကြသည်။

Tachileik News Agency