ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွင် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြု

ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွင် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြု
မေ 26, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွင် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြု

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် COVID 19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသည့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့်  ပြန်လည်ရောင်းချခွင့်ပြုနေကြောင်း  သိရသည်။

ပြန်လည်ဖွင့်လိုသည့် စားသောက်ဆိုင်များတွင် COVID 19 မကူးစက်စေရန် လုပ်ဆောင်ထားမှုများကို  လွိုင်ကော်မြို့နယ် COVID –19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက လိုက်လံစိစစ်ပြီး ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်များကိုက်ညီပါက ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီရောဂါကြောင့် စားသောက်ဆိုင်တွေကို ကျွန်တော်တို့က ပါဆယ်စနစ်နဲ့ပဲ  ရောင်းချကြဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်။ ဒါကိုတော်တော်များများ လိုက်နာကြပေမဲ့ ကြိုကြားကြိုကြား မလိုက်နာတဲ့ဆိုင်လေးတွေရှိတာက တစ်ကြောင်း၊ ပြီးတော့ ဒီလိုစားသောက်ဆိုင်တွေဟာ ရေရှည်မှာ ဆိုင်ထိုင်စနစ်နဲ့ မလုပ်ဘူးဆိုရင်တော့ သူတို့ရဲ့စီးပွားရေးကို  တာဝန်ရှိသူတွေက ငဲ့ညှာတဲ့အနေနဲ့  သူတို့လည်း ဆိုင်ထိုင်စနစ်နဲ့ရောင်းရပါစေ၊ ကျွန်တော်တို့ဖက်ကလည်း ဒီကိုဗစ်ရောဂါ ကူးစက်မှုမရှိစေအောင် အကာကွယ် စနစ်တကျနဲ့ဆောင်ရွက်ရင်  နှစ်ဦးနှစ်ဖက်  ပြေလည်အောင်  ဆောင်ရွက်တာဖြစ်တယ်

ဟု လွိုင်ကော်မြို့နယ်  COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မေလ (၂၄) ရက်နေ့က လွိုင်ကော်မြို့ရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များအား မြို့နယ်ခန်းမတွင် ခေါ်ယူတွေ့ဆုံ၍ သတ်မှတ်စည်းကမ်းများကို ရှင်းလင်းချပြပေးခဲ့ကြောင်း သိရသည်။

ဆိုင်ထိုင်ပြန်လည်ရောင်းချလိုသည့်ဆိုင်များအနေဖြင့် ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းရန် ၊ လက်ဆေးနေရာများ ထားရှိပေးရန်၊ mask တပ်ဆင်ရန် ၊ စားပွဲတစ်ဝိုင်းနှင့်တစ်ဝိုင်း (၆)ပေအကွာတွင်ထားရှိရန်၊ စားပွဲတစ်ဝိုင်းလျှင် လူ(၄)ယောက်သာ ထိုင်ရန်နှင့် စားပွဲခုံတွင် အကာအကွယ် မှန်ချပ်များတပ်ဆင်ပေးရန်တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ဆိုင်ရှင်တွေအနေနဲ့က စားသုံးသူတွေကို တစ်ခါတလေ ပြောရမှာလည်း အားနာတယ်။ နားထားရတာလည်းကြာတော့ အခက်ခဲဖြစ်လာတယ်။ ပြန်ဖွင့်ချင်တယ်။ အဲဒီလို Mask တပ်ပါ။  ခြောက်ပေအကွာက နေပေးပါပြောရင်လည်း မကြိုက်တဲ့သူတွေရှိတယ်။ စားသုံးသူတွေဖက်က လည်း ပြန်နားလည်ပေးရင်တော့ ပိုအဆင်ပြေလိမ့်မယ်။ ကျွန်တော်တို့ တစ်ပိုင်တစ်နိုင် ရိုးရာအစားစာဆိုင်လေးပဲ ရောင်းတော့ဆိုင်ကကျဉ်းတယ်။ (၆) ပေခြားလိုက်ရင် သုံးဝိုင်းလောက်ပဲ ရတော့မယ်။ ဒါကြောင့်ပါဆယ်ပဲ ဆက်ရောင်းပြီးအခြေနေကြည့်အုံးမယ်။ စည်းကမ်းတွေကတော့ လိုက်နာသင့်ပါတယ်

ဟု လွိုင်ကော်မြို့မှ ရိုးရာစားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆိုင်ပြန်ဖွင့်ရန် သတ်မှတ်စည်းကမ်းများနှင့်အညီ ပြင်ဆင်ပြီးသော စားသောက်ဆိုင်များအနေဖြင့် မြို့နယ်ကိုဗစ်ထိန်းချုပ်ရေး ကော်မတီထံ တင်ပြပြီး ကော်မတီမှ စစ်ဆေးပြီးပါက ပြန်လည်ရောင်းချခွင့် ပေးမည်ဖြစ်သော်လည်း စည်းကမ်းချက်များကို ဆိုင်ဖွင့်စဉ်ကာလအတွင်း မလိုက်နာပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်ခြင်း နှင့် တတိယအကြိမ်တွင် ကာလအကန့်သတ်တစ်ခုထိ ဆိုင်ပိတ်သိမ်းခိုင်းမည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ရှင်တွေဖက်ကတော့ အဓိကအခက်ခဲပြောကြတာက။ ဒီ (၆)ပေအကွာထားဖို့ပေါ့။ တစ်ချို့ဆိုင်တွေကသေးတော့ ခြောက်ပေဆို ခုံကနည်းနည်းပဲဆန့်တော့တယ်ပေါ့။ နောက် တစ်ခုံကိုလေးယောက်ဆိုတော့ မိသားစုလိုက် ငါးယောက်ခြောက်ယောက်လာရင်ဘယ်လို လုပ်ရမှာလဲပေါ့။ ဒါဆိုလည်း ခုံ ခွဲထိုင်လိုက်ပါ ။လေးယောက်ထပ်တော့ပိုလို့မရဘူးလေ။ ဒီရောဂါကာလမှာ တော့ကျွန်တော်ကာကွယ် သင့်တာတွေကာကွယ်ရမယ်။ ဆိုင်မှာလည်းကြာကြာမထိုင် ခိုင်းနဲ့ပေါ့။ စားသုံးသူတွေကလည်း နားလည်ပေးကြပါ

ဟု မြို့နယ်COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းကပြောသည်။

လွိုင်ကော်မြို့နယ်COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ထားသော  စားသောက်ဆိုင်ကြီးအချို့ကို မေလ (၂၅)ရက်နေ့မှစ၍ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့် လှစ်ခွင့်ပြုထားပြီဖြစ်ပြီး အချို့ဆိုင်ကြီးများမှာ ပါဆယ်စနစ်ဖြင့်သာ ဆက်၍ ရောင်းချနေဆဲဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် Covid -19 ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ဧပြီလမှစ၍ စားသောက်ဆိုင်များအားဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ  ညွှန်ကြားထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - U Than Htun


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~