ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ COVID 19 ကူးစက်ခံရ၍ ပြင်ပလူနာဌာများ ပိတ်

ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ COVID 19 ကူးစက်ခံရ၍ ပြင်ပလူနာဌာများ ပိတ်
ဖေဖော်ဝါရီ 14, 2022 | Covid-19

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နောက်ထပ် အထူးကုပြင်ပလူနာဌာန (၅)ခုမှ ဆရာဝန်ကြီးများ ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ COVID 19  ရောဂါခံစားနေရသဖြင့် အဆိုပါ ပြင်ပလူနာဌာနများအား ခေတ္တပိတ်မည်ဟု ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်ကို တွေ့ရသည်။

အထွေထွေအထူးကုသမားတော်ဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးကုဌာန၊ ဟောမုန်းရောဂါအထူးကုဌာနများကို ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့အထိ လည်းကောင်း၊ အကြောအဆစ်အထူးကုဌာနကို ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့အထိလည်းကောင်း ပိတ်မည်ဟု ကြေညာထားပြီး ကင်ဆာဆေးကုဌာနကိုမူ မည်သည့်နေ့အထိ ပိတ်မည်ကို ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူ နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့မှစ၍ပိတ်ထားပြီး ဖေဖေါ်ဝါရီလ (၂၁)မှ ပြန်ဖွင့်မည်ဖြစ်သည်။

အဆိုပါ အထူးကုပြင်ပလူနာဌာနများကို ပိတ်ထားသော်လည်း အခြားဌာနများကို ဆက်လက်ဖွင့်ထားပြီး အရေးပေါ်လူနာများကို ပုံမှန်အတိုင်းကုသပေးမည်ဟု ကြေညာထားသည်။

 ဆေးရုံဆင်းလူနာများ ရက်ချိန်းစေ့ပါက ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။