လွိုင်ကော်မြို့တွင် COVID-19 အတည်ပြုလူနာ (၈) ဦး ထပ်မံတွေ့ရှိ

လွိုင်ကော်မြို့တွင် COVID-19 အတည်ပြုလူနာ (၈) ဦး ထပ်မံတွေ့ရှိ
ဇူလိုင် 7, 2021 | Covid-19| ကယား

ကယား(ကရင်နီ)​ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ညနေပိုင်း စစ်ဆေးချက်အရ COVID-19 ပိုး တွေ့ရှိသည့် အတည်ပြုလူနာသစ် (၈) ဦးထပ်မံတွေ့ရှိရကြောင်း သိရသည်။ 

ဇူလိုင်လ (၇) ရက်နေ့ ညပိုင်းတွင် COVID 19 သံသယလူနာများအား စစ်ဆေးခဲ့ရာ မိုင်းလုံးရပ်ကွက်မှ အမျိုးသား(၁)ဦး ၊အမျိုးသမီး (၁)ဦး ၊ နောင်ယားရပ်ကွက်ရှိ  TMK မူကထဆိုင်မှ အမျိုးသမီး (၂)ဦး၊ နမ့်ကွတ်ရပ်ကွက်မှ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁) ဦး ၊ လောဓမ္မရပ်ကွက်မှ အမျိုးသမီး (၁) ဦး၊ ငွေတောင်စိုက်ကွင်း - ၂ မှ အမျိုးသမီး (၁) ဦး  စုစုပေါင်း (၈) ဦးတို့တွင် COVID 19 ပိုးစစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် ဇူလိုင်လ (၇) ရက်နေ့ ညပိုင်းထိ COVID-19 အတည်ပြုလူနာသစ် (၈)ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် အတည်ပြုလူနာ (၁၅) ဦးထိရှိလာပြီဖြစ်ပြီး ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့ သူများအား Quarantine ထားရှိနိုင်ရန်လုပ်ဆောင်နေကြောင်း သိရသည်။

COVID-19 ပိုးတွေ့ရှိသူ လူနာများအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးခြားကုသဆောင်တွင်  စောင့်ကြည့် ကုသပေးလျှက်ရှိကြောင်းသိရပြီး ပိုးတွေ့ရှိသူအများစုမှာ ဖျားနာခြင်းနှင့် အနံ့မရခြင်းစသည့် လက္ခဏာများတွေ့ရကြောင်း သိရသည်။ 

ဇူလိုင်လ (၆) ရက်နေ့ ညပိုင်းက ဖျားနာ၍ အောက်စီဂျင်ကျနေသော အမျိုးသားတစ်ဦးအား ရွှေလွိုင်ကော်ပရိတအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးနေစဥ် သေဆုံးသွားခဲ့သော လူနာတွင်လည်း ဇူလိုင်လ (၇) ရက်နေ့ နံနက်ပိုင်း စစ်ဆေးချက်အရ COVID-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ COVID-19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် လွိုင်ကော်မြို့၌ ဇွန်လမှစ၍  အတည်ပြုလူနာတွေ့ရှိသူ  (၁၅)ဦး တွေ့ရှိပြီဖြစ်ပြီး သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။