တရုတ်တွင် ကွန်မြူနစ်ပါတီညီလာခံအတွက် လူဦးရေ (၂၄) သန်းကျော်ကို Lockdown လုပ်

တရုတ်တွင် ကွန်မြူနစ်ပါတီညီလာခံအတွက် လူဦးရေ (၂၄) သန်းကျော်ကို Lockdown လုပ်
By Mr John

တရုတ်နိုင်ငံတွင် အာဏာရ ကွန်မြူနစ်ပါတီ၏ ယခုနှစ် ညီလာခံမတိုင်မီ အာဏာပိုင်များက COVID-19 ကူးစက်မှုထိန်းချုပ်ရေး နှစ်ဆအရှိန်မြှင့် ဆောင်ရွက်နေရာ ဩဂုတ်လ (၃၀) ရက်နေ့၌ Lockdown ကန့်သတ်ချက်များကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ 

ဘေဂျင်းမြို့ပတ်လည် ဟဲပေပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အနည်းငယ်မျှကို ထိန်းချုပ်ရန်အတွက် လူဦးရေ (၄) သန်းနီးပါးကို ယခုသီတင်းပတ်ကုန်အထိ နေအိမ်၌သာ နေထိုင်ကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

အနီးအနားရှိ ဆိပ်ကမ်းမြို့ ထျန်းကျင်း မြို့တွင်လည်း အများစုမှာ မပြင်းထန်သည့် ကူးစက်မှု (၅၁)ဦး တွေ့ရှိရပြီးနောက် လူဦးရေ (၁၃) သန်းကို ဩဂုတ်လ (၃၀) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၆) နာရီမှစပြီး အစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးရမည်ဟု အမိန့်ထုတ်ထားသည်။ 

ထို့အတူ Shenzhen မြို့၏ ခရိုင်တစ်ခုဖြစ်သော လူဦးရေ (၂.၅) သန်းရှိ Longhua ခရိုင်တွင် ဩဂုတ်လ (၃၀) ရက်နေ့က ဖျော်ဖြေရေးနေရာများနှင့် လက်ကားအရောင်းဆိုင်များ ပိတ်ထားစေပြီး ကြီးမားသည့် ပွဲအခမ်းအနားများကို ရွှေ့ဆိုင်းစေခဲ့ကြောင်း သိရသည်။

လူနေအိမ်ရာဝင်းများအတွင်း ဝင်ရောက်ရန် (၂၄) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုအဖြေ ပြသရမည်ဖြစ်ပြီး စားသောက်ဆိုင်များအနေဖြင့် စားသုံးသူအရေအတွက်ကို ၎င်းတို့၏ လက်ခံနိုင်မှုထက် (၅၀) ရာခိုင်နှုန်း မကျော်လွန်စေရန် ကန့်သတ်ထားရမည်ဟု Longhua ခရိုင်အာဏာပိုင်များက ဆိုသည်။ 

ယခု ကန့်သတ်ချက်များမှာ လာမည့် စက်တင်ဘာလ (၃) ရက်နေ့ အထိဖြစ်မည်ဟု ခန့်မှန်းထားသည်။

ဩဂုတ်လ (၂၉) ရက်နေ့က စုစုပေါင်း လူဦးရေ (၆) သန်းကျော်ရှိသည့် Shenzhen မြို့ရှိ ခရိုင် (၃) ခုကို အလားတူ ကန့်သတ်ချက်များ ကြေညာခဲ့ပြီးနောက် Longhua ခရိုင်ကိုလည်း ကန့်သတ်ချက်များ ထုတ်လာခြင်းဖြစ်သည်။ 

အဆိုပါ ခရိုင် (၃) ခုတွင် ယခုနှစ်အတွင်း အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုများကို ကြုံခဲ့သည်။

တရုတ်အရှေ့မြောက်ပိုင်းရှိ ပဲပိစပ်နှင့် သံသတ္တုရိုင်း တင်သွင်းသည့် အဓိက ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Dalian မြို့တွင် လူဦးရေ (၃) သန်းဝန်းကျင်ရှိ မြို့ပြဧရိယာများကို ဩဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၄) ရက်နေ့အထိ Lockdown လုပ်ထားသည်။ 

အိမ်ထောင်စုများကို တစ်နေ့လျှင် လူတစ်ဦးသာ နေ့စဥ် မရှိမဖြစ် ပစ္စည်းများ ဝယ်ယူရန် အပြင်ထွက်ခွင့်ပြုကြောင်း သိရသည်။

Lockdown ကာလအတွင်း မရှိမဖြစ် မဟုတ်သည့် အလုပ်သမားများ နေအိမ်ကနေ အလုပ်လုပ်ရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများမှာ လုပ်ငန်းခွင်တွင် ဝန်ထမ်းအရေအတွက် လျှော့ချပြီး အခြေခံနှင့် အရေးတကြီး လုပ်ငန်းများကိုသာ လုပ်ကိုင်ရန် ညွှန်ကြားထားသည်။

တရုတ်က COVID-19 လုံးဝကင်းစင်ရေး "zero-COVID" မူဝါဒကို ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည့် တစ်ခုတည်းသော စီးပွားရေးအင်အားကြီး နိုင်ငံလည်းဖြစ်ပြီး Lockdown များ၊ ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် လူအစုအပြုံလိုက်ကို စစ်ဆေးခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ရပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခဲ့သည်။

ဘေဂျင်းမြို့တွင် အကြိမ် (၂၀) မြောက် ကွန်မြူနစ်ပါတီညီလာခံ မတိုင်မီ COVID-19 ထိန်းချုပ်တိုက်ဖျက်ရေး မူဝါဒကို နှစ်ဆတိုးမြှင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။ 

အာဏာရ ကွန်မြူနစ်ပါတီညီလာခံကို လာမည့် (၃) လအတွင်း ကျင်းပပြုလုပ်သွားမည်ဟု မျှော်လင့်ရသည်။ 

COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုက သမ္မတရှီကျင့်ဖျင်၏ နိုင်ငံရေး အမွေအနစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။ 

ပါတီညီလာခံတွင် သမ္မတအဖြစ် မကြုံစဖူး တတိယသက်တမ်း ဆက်လက် ရွေးချယ်ခန့်အပ်သွားမည်လည်း ဖြစ်သည်။

သို့သော် အိုမီခရွန်ကူးစက်မှုများ မြို့ကြီးများတွင် နောက်တစ်ကြိမ် ပျံ့နှံ့ဖြစ်ပွားနေရာ တရုတ်နိုင်ငံ၏ COVID-19 အမှန်တကယ် အခြေအနေက ပိုမိုဆိုးရွားနိုင်ကြောင်း Nomura ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ Ting Lu က သုတေသနဆိုင်ရာ မှတ်ချတ်တစ်ခုတွင် သတိပေးထားသည်။ 

ထိုအတောအတွင်း တရုတ်အနောက်ပိုင်း၏ အကြီးဆုံးမြို့ဖြစ်သည့် Chendu မြို့တွင်လည်း ခရီးသွားလာမှု ကန့်သတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုမြို့ရှိ Wuhou နှင့် Qingyang ခရိုင်တို့တွင် ဩဂုတ်လ (၃၀) ရက်နေ့မှစပြီး နေရာအများအပြားနှင့် ခရီးသွားလာမှုများကို ပိတ်ပင်ဆိုင်းငံ့ထားသည်။ 

ထို့အတူ Jinniu ခရိုင်တွင် ဩဂုတ်လ (၂၉) ရက်နေ့က COVID-19 ထိန်းချုပ်ရေး ကန့်သတ်ချက်များ တင်းကျပ်လိုက်ပြီးနောက် ကျောင်းပြန်ဖွင့်မည့် အစီအစဥ်ကို ရွှေ့ဆိုင်းထားသည်။ 

အဆိုပါ ခရိုင် (၃) ခုတွင် စုစုပေါင်း လူဦးရေ (၃.၅) သန်းရှိကြောင်းလည်း သိရသည်။

ကွမ်တုန်းပြည်နယ် Shenzhen မြို့ Huaqiangbei ခရိုင်ခွဲရှိ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းဈေးကွက်ကိုလည်း လူဦးရေ (၁၈) သန်းရှိသည့် ထိုမြို့တွင် နေ့အလိုက် ကူးစက်မှု (၃၅) ခု တွေ့ရှိခဲ့ပြီးနောက် ပိတ်ထားခဲ့သည်။

 Shenzhen မြို့လယ်ပိုင်း Futian ခရိုင်တွင် ရုပ်ရှင်ရုံများ၊ ကာရာအိုကေ ဘားဆိုင်များနှင့် ပန်းခြံများကို စက်တင်ဘာလ (၂) ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး ကြီးမားသည့် လူစုလူဝေးဖြစ်နိုင်သော ပွဲအခမ်းအနားများကို ဖျက်သိမ်းထားသည်။

ထို့အတူ Shenzhen မြို့စွန်ရှိ Wanxia ရပ်ကွက်ကို ကူးစက်မှု မတွေ့ရသော်လည်း တာဝန်ရှိသူများက Lockdown လုပ်ထားသည်။ 

ထိုရပ်ကွက်တွင် ပစ္စည်းပို့ဆောင်ရေးသမားများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် နေထိုင်စရိတ်သက်သာသည်ဟု ဆိုသည်။

တရုတ်မြောက်ပိုင်း Shijiazhuang မြို့၏ လူဦးရေ (၃) သန်းကျော် နေထိုင်ကြသော ခရိုင်ကြီး (၄) ခုတွင်လည်း ဒေခံများကို ဩဂုတ်လ (၃၁) ရက် မွန်းလွဲပိုင်းအထိ နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်။ 

တရုတ်နိုင်ငံတွင် ဩဂုတ်လ (၂၉) ရက် ထုတ်ပြန်ချက်အရ COVID-19 ပြည်တွင်းကူးစက်မှု (၁,၇၁၇) ခုတွေ့ရှိရပြီး ရောဂါလက္ခဏာပြသူ (၃၄၉) ဦးနှင့် ရောဂါလက္ခဏာမပြသူ (၁,၃၆၈) ဦးဖြစ်ကြောင်း သိရသည်။

လူဦးရေ (၂.၅) သန်းရှိ Qinghai ပြည်နယ်၏မြို့တော် Xining တွင်မူ အဓိက မြို့ပြဧရိယာများကို Lockdown လုပ်ထားပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ရပ်ဆိုင်ထားပြီး လူနေအိမ်ရာဝင်းပြင်ပ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားသည်။ 

ထိုမြို့တွင် Lockdown သတ်မှတ်မှုကို ဩဂုတ်လ (၂၉) ရက်တွင် စတင်ခဲ့ပြီး စက်တင်ဘာလ (၁) ရက် နံနက်ပိုင်းအထိ ဖြစ်သည်။

Source: CNA