CDM ကျန်းမာရေးဝန်ထမ်းများကို ပြန်ခေါ်ပေးရေး အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အမိန့်ပေး စေခိုင်းထား

 CDM ကျန်းမာရေးဝန်ထမ်းများကို ပြန်ခေါ်ပေးရေး အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အမိန့်ပေး စေခိုင်းထား
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းနှင့်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်များကို ပြောသည်။

စစ်တပ်က သိမ်းပိုက်ထားသည့် နိုင်ငံတော်သမ္မတ၏ အိမ်တော်၏ အစည်းအဝေးခန်းမတွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ ဆေးတပ်သားများကို အာဏာသိမ်းအစပိုင်းတုန်းက ဆေးရုံများသို့ ပို့ဆောင်ပြီး တာဝန်ထမ်းဆောင်ခိုင်းခြင်းမျိုးရှိခဲ့သော်လည်း တကယ်တန်းတွင်မှု ကျန်းမာရေးဝန်ထမ်းများလောက် အဆင်ပြေမှုမရှိခြင်း နှင့် အံ့ဝင်ဂွင်ကျမှု မရှိခြင်းများကြောင့် ပြန်လည်ရုတ်သိမ်းလိုက်ရပြီး ကျန်းမာရေးဝန်းထမ်းများကို ဖိအားပေးခြိမ်းခြောက်ကာ ခေါ်ဆောင်သည့်အတွက် တချို့ CDM များမှာ Non-CDM အဖြစ် ကူးပြောင်းကာ လုပ်ငန်းဝင်ကြရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ဒေသအသီးသီးမှ CDM ဝန်ထမ်းများ၏ စာရင်းများကို သက်ဆိုင်ရာဌာနများကနေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်တင်ပြရပြီး ထွေအုပ်၏ စာရင်းကို အာဏာသိမ်းစစ်တပ်၏ စရဖ(စရတ)တပ်ဖွဲ့က တဆင့် ပြန်လည်ရယူကာ စစ်ဗျူဟာ နှင့် တိုင်းစစ်ဌာနချုပ်တို့ကို တင်ပြရလေ့ရှိသည်ဟု သိရသည်။

ယခုလို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းပြန်ဝင်ရေးအတွက် ပြောကြားလိုက်မှုများနှင့် ပတ်သက်၍ ဖော်ဝါရီလ မကုန်မီအတွင်း စရဖ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်ကာ ပြန်ခေါ်နိုင်ချေရှိသည်ဟုလည်း CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းများကလည်း ခန့်မှန်းထားကြသည်။