လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ပထမပတ်အတွင်း  အရပ်သား(၁၇)ဦးဖမ်းဆီးကာ တစ်ဦးကိုဓားနှင့်ထိုးသတ်ထားခဲ့

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ပထမပတ်အတွင်း  အရပ်သား(၁၇)ဦးဖမ်းဆီးကာ တစ်ဦးကိုဓားနှင့်ထိုးသတ်ထားခဲ့

KNUတပ်မဟာ(၃)ထိန်းချုပ်နယ်မြေ လယ်ဒိုမြို့နယ်(ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်)တွင် စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်းတွင် အရပ်သား (၁၇)ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့မှ (၉)ရက်နေ့အထိ လယ်ဒိုမြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၂၈)လုံးပစ်ခတ်ခဲ့ပြီး နေအိမ် (၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ အရပ်သား (၁၇)ဦးကို ဖမ်းဆီးထားသည့်အပြင်  (၁)ဦးကို ဓားနှင့်ထိုးသတ်ခဲ့ကြောင်းသိရသည်။

ဇူလိုင်လ (၆)ရက်နေ့နှင့် (၇)ရက်နေ့၁၇တို့တွင် ကျောက်မော်ဘုရားကြီးရွာမှ အရပ်သား (၂)ဦးနှင့် ဗမာဝက်လာတောကျေးရွာမှ အရပ်သား (၁)ဦး၊ ဒါးကုလားကျေးရွာမှ အရပ်သား(၂)ဦးတို့သည် ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာ သွားရောက်ဝယ်ယူစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဒါ့အပြင် ဇူလိုင်လ (၈)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဆိပ်ကြီးမှနေ၍ အင်းနက်ကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီး(၂)လုံးနှင့်ပစ်ခတ်ခဲ့ပြီး စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စေးအိုးလာကျေးရွာမှ နေအိမ်(၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် နတ်သံကွင်းတံတားတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်သည် နတ်သံကွင်း (၃)ရပ်ကွက်တွင် နေထိုင်သည့် ဦးရဲကြီး (၄၅)နှစ်ကို ညအချိန်တွင် ဓားနှင့်ထိုးသတ်ပြီး ၎င်း၏ သေဆုံးနေသည့်ခန္ဓာကိုယ်ကို တံတားအောက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၉)ရက်နေ့တွင် ကျောက်မော်ဘုရားကြီးမှ အရပ်သား (၁၀)ဦးနှင့် ပဒဲကောကျေးရွာမှ အရပ်သား(၂)ဦးသည် ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာ သွားရောက်ဝယ်ယူစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်စခန်းမှနေ၍ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်းကျေးရွာသို့ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့သည့်အပြင် ညနေပိုင်းတွင်လည်း ရေတွင်းကုန်း၊ ကျောင်းကုန်း၊ သူဌေးကုန်းနှင့် ကညင်ကျိုးကျေးရွာများသို့ လက်နက်ကြီး (၂၁)လုံးပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ငဖယ်အင်း၊ ရေတွင်းကုန်း၊သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ၊ ကျောင်းကုန်း၊ သူဌေးကုန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။