တာလေမြို့တွင် စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်ရာက အမျိုးသားတစ်ဦး သေဆုံး

တာလေမြို့တွင် စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်ရာက အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း နားအွန်ကျေးရွာတွင် စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုအထိ ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နားအွန်ကျေးရွာတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့  ညနေ(၅)နာရီဝန်းကျင်အချိန်က ဦးယာတီ နှင့် ဦးကျနူးတို့ စကားများကြပြီးနောက် ရိုက်နှက်မှုများ ဖြစ်ပွားရာက ဒေါ်မာကာဒါလ နှင့် ဦးပေါ်နှဲတို့ကလည်း  ဦးယာတီအား ဝါးတုတ်၊ သစ်သားတုတ်တို့ဖြင့် ဝိုင်းရိုက်နေသည်ကို အနီးနေသူများတွေ့ရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ရိုက်နှက်မှုများကြောင့် အသက်(၄၄)နှစ်အရွယ်ရှိ ဦးယာတီသည် နေရာတွင် သေဆုံးသွားပြီး ရိုက်နှက်မှုတွင် ပါဝင်သူများဟုဆိုသည့် အသက်(၆၈)နှစ်အရွယ် ဦးကျနူး၊ ဦးပေါ်နှဲ(ခ)ပေါဝိဒ် နှင့် ဒေါ်မာကာဒါလတို့အား တာလေနယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၂၁ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဦးပေါ်နှဲ(ခ)ပေါဝိဒ် နှင့် ဒေါ်မာကာဒါလတို့အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေကြောင်း သိရသည်။

နေရာတွင် သေဆုံးသွားသည့် ရုပ်အလောင်းအား စစ်ဆေးရန်အတွက် တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းက သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် အလောင်းအား နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: လောကပါလပရဟိတ လူမှုကူညီရေးအသင်း