ကျောက်မဲမြို့တွင် ဇန်နဝါရီလအတွင်း ဖမ်းမိသည့် မူးယစ်အမှုမှာ ၂၀၂၀ အတွင်း ဖမ်းဆီးမှု၏ ထက်ဝက်နီးပါး ရှိနေ

ကျောက်မဲမြို့တွင် ဇန်နဝါရီလအတွင်း ဖမ်းမိသည့် မူးယစ်အမှုမှာ ၂၀၂၀ အတွင်း ဖမ်းဆီးမှု၏ ထက်ဝက်နီးပါး ရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တစ်လတည်းအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုပေါင်းမှာ ပြီးခဲ့သည့် ၂၀၂၀ တစ်နှစ်စာ၏ ထက်ဝက်နီးပါး ရှိပြီဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့၏ စာရင်းဇယားအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျောက်မဲမြို့တွင် ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြားတို့အပြင် ယခင်က ဖမ်းဆီးရမိမှုမရှိခဲ့သော ဆေးခြောက်/ WEED များအပါအဝင် စုစုပေါင်း မူးယစ်ဆေးဖမ်းဆီးရမိမှု (၂၃)ခုကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့ အထိ တစ်နှစ်တာလုံးအတွက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုသည် စုစုပေါင်း (၅၆)ခုဖြစ်ပြီး ကာလတူနှိုင်းယှဥ်ချက်အရကြည့်မည် ဆိုပါက ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် (၉)မှုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် (၂၃)မှု ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျောက်မဲမြို့နယ်အတွင်း နှင့် မြို့ပေါ်အတွင်း ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအနက် တံဆိပ်အသစ်ဖြင့် ဖြန့်ချိရောင်းချနေသော `R´ အမှတ်အသားပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန်နဝါရီလ (၇)ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ (၂၅)ရက်နေ့ အထိ ကျောက်မဲမြို့တွင် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက် စသည်တို့ အပါအဝင် မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှု စုစုပေါင်း (၂၃)မှု၊ အမှုတရားခံ ကျား (၂၉)ဦး၊ မ (၂)ဦးတို့ကို  စုစုပေါင်း ဘိန်းဖြူ (၄၂.၁)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၂,၅၆၅)ပြား၊ ဆေးခြောက် (၄၃၀)ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အကြိမ်ရေ တိုးပွားလာခြင်းမှာ မြို့နေ ပြည်သူလူထု၏ ပူးပေါင်းပါဝင်  သတင်းပေးတိုင်ကြားမှု မြင့်တက်လာခြင်း၊ မြို့မရဲတပ်ဖွဲ့နှင့် မြို့ပေါ်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအချို့၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာခြင်းနှင့် ကိုဗစ်ကာလဖြစ်နေသည့်အတွက် ညပိုင်းတွင် လှည့်ကင်းလုံခြုံရေးဆောင်ရွက်မှုကို အားဖြည့်လုပ်ဆောင်လာခြင်း တို့ကြောင့် ဖြစ်သည် ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူက သုံးသပ်ထားသည်။

 

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...