ကန့်ဘလူမြို့နယ်တွင် ဧပြီလအတွင်း စစ်ရှောင်ဘေးရှောင်ရင်း ဒေသခံ (၄)ဦး မြွေကိုက်ခံရပြီး (၂)ဦး သေဆုံး

ကန့်ဘလူမြို့နယ်တွင် ဧပြီလအတွင်း စစ်ရှောင်ဘေးရှောင်ရင်း ဒေသခံ (၄)ဦး မြွေကိုက်ခံရပြီး (၂)ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း  ၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ( ၂၅)ရက်နေ့အထိ စစ်ရှောင်ပြည်သူ ( ၄ ) ဦး မြွေကိုက်ခံရပြီး ( ၂ )ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြွေကိုက်ခံရသူ (၄)ဦးမှာ ကိုးတောင်ဘို့တိုက်နယ်မှ ကလေး (၂)ဦး၊ မလည်တိုက်နယ်မှ (၁)ဦးနှင့် ထန်းကုန်းတိုက်နယ်မှ ( ၁ )ဦးတို့ ဖြစ်ပြီး   (၂)ဦးမှာ အချိန်မှီဆေးကုသမှု မခံယူရသဖြင့် သေဆုံးသွားကြောင်းသိရသည်။



ဧပြီ (၂၅) ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင် ထန်းကုန်းတိုက်နယ်မှ  အသက်(၃၄)နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက  ကလေးကျန်းမာရေး မကောင်းသည့်အတွက် စစ်ဘေးရှောင်တဲမှ  မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးပေးခန်းသို့ ဆေးသွားယူရာတွင် မြွေကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကိုက်ခံရတာ ခြေထောက်မှာ (၃)ချက်တောင်၊ ကံကောင်းချင်တော့ စစ်ဘေးရှောင်တွေကို ဆေးလာကုပေးတဲ့ ဆရာမက မပြန်ဘဲ ညအိပ်တာကြောင့် ဆေးကုသခွင့် အချိန်မှီရတာ၊ ဟိုလိုဆို မလွယ်ဘူး၊ ဒါတောင် မြွေဆိပ်ဖြေဆေးက အဆင်သင့်မရှိလို့ ဘေးနားရွာတွေမှာ အကူညီတောင်းချေးငှားရတယ်။ ဒီဘက်မှာ BPI တော့မရှိဘူး အိန္ဒိယ မြွေဆိပ်ဖြေဆေးပဲရတယ်။မြွေကလဲ ကြီးတယ်၊ (၃)ချက်အကိုက်ခံရတာကြောင့် အိန္ဒိယမြွေဆိပ်ဖြေဆေး အလုံး (၂၀)ထိုးထားပြီး ဒီနေ့မနက်မှာ သက်ဆိုင်ရာ မြေပြင်ကျန်းမာရေးဌာနကို လွှဲပြောင်းပို့ဆောင်ထားတယ်” ဟု မြေပြင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ပြောသည်။



၎င်းအပြင် ဧပြီလ (၂၂)ရက်နေ့၏ ညတွင်လည်း မလည်တိုက်နယ် ထန်းတောရွာမှ စစ်ဘေးရှောင်နေရသည့် အသက် (၅၃)နှစ်အရွယ် ဦးကျော်ညွန့်သည် တောထဲ၌ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရ၍ ဆေးကုသမှု အချိန်မှီမရရှိသဖြင့် ( ၂၃ )ရက်နေ့တွင် သေဆုံးသွားကြောင်း မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။

မလည်တိုက်နယ်တွင် စစ်ကြောင်းများ ဆက်တိုက်ထိုးနေခြင်းကြောင့်  စစ်ရှောင်နေရသည့် တနေရာနှင့်တနေရာကို အလွယ်တကူ သွားလို့မရ၍ ဆေးကုသခွင့်အချိန်မှီမရခဲ့သလို မြွေဆိပ်ဖြေဆေး အလုံအလောက်ရှိ မနေခြင်းကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့် အခြေအနေများဖြင့်ရင်ဆိုင်ကြရသည်။

ကန့်ဘလူခရိုင်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အထိ စစ်ဘေးရှောင်ရသည့် တစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ရှောင်ပြည်သူများထဲက အမျိုးသား (၄၅)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၆၁)ဦးအထိ မြွေကိုက်ခံရပြီး   ဆေးကုသမှု အချိန်မှီမရသည့်အတွက် ( ၅ )ဦး အသက်ဆုံးရှုံးထားသည်။

အသက်ဆုံးရှုံးထားသည့် (၅)ဦးတွင် အမျိုးသား(၃)ဦးနှင့် (၈)နှစ်နှင့်(၉)နှစ်အရွယ်ကလေးနှစ်ဦးပါဝင်ပြီး ထိုအချက်အလက်များမှာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ချိတ်ဆက်မှတ်တမ်းယူနိုင်သည့် အချက်အလက်မျှသာဖြစ်ပြီး တစ်ခရိုင်လုံးစာရင်းပြုစုနိုင်သည့် အခြေအနေမရှိသေးသောကြောင့် မြေပြင်တွင် ဒီထက်မက မြွေအန္တရာယ်ကြုံ‌တွေ့နိုင်ကြောင်းခန့်မှန်းရသည်ဟု ဆိုသည်။