ကျိုင်းတုံ - မိုင်းခတ်- မိုင်းယန်းလမ်းတွင် အာဏာသိမ်းတပ်နှင့် ဌာနဆိုင်ရာများက တရားဝင်အခွန်မဟုတ်သည့် ငွေကြေးတောင်းခံမှုများအပြင် ဗျူဟာမှူးကြေးကို တပ်ဂိတ်နှစ်ခုလုံးက ကောက်ခံနေ

ကျိုင်းတုံ - မိုင်းခတ်- မိုင်းယန်းလမ်းတွင် အာဏာသိမ်းတပ်နှင့် ဌာနဆိုင်ရာများက တရားဝင်အခွန်မဟုတ်သည့် ငွေကြေးတောင်းခံမှုများအပြင် ဗျူဟာမှူးကြေးကို တပ်ဂိတ်နှစ်ခုလုံးက ကောက်ခံနေ
ဖေဖော်ဝါရီ 8, 2022 | စီးပွားရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်းလမ်းတွင် ကုန်တင်ယာဉ်မောင်းများအနေဖြင့် လမ်းတလျှောက်ရှိ အာဏာသိမ်းစစ်တပ်ဂိတ်များနှင့် ဌာနဆိုင်ရာများက တရားဝင်အခွန်မဟုတ်သည့် ငွေကြေးတောင်းခံမှုများကို ကျပ်သိန်းဂဏန်းအထိ ပေးဆောင်ဖြတ်သန်းနေကြရပြီး အဆိုပါ လမ်းပိုင်းရှိ စစ်တပ်ဂိတ်နှစ်ခုလုံးက ဗျူဟာမှူးကြေးပါ ထပ်ဆောင်းကောက်ခံနေကြကြောင်း သိရသည်။

ဝမ်တာပုံဂိတ် ကာစတန်(အကောက်ခွန်)မှာ  အခွန်ဆောင်တာ တရားမဝင်ဘူးလားခင်ဗျာ။ ကျွန်တော်တို့ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေချိန် မတန်မဆတွေ ပေးဆောင်နေရပါတယ်။ ကျွန်တော်တို့မှာ ငွေကြေးပေးဆောင်နေရတဲ့အပြင် တပ်ထိန်းဆရာကြီးက ဗျူဟာမှူး ခိုင်းတယ်ဆိုပြီး  အမျိုးမျိုး အလှူခံတာလည်း ရှိသေးတယ်။ မိုင်းလွေကလည်း ဗျူဟာမှုးကြေး၊ မိုင်းခတ်ကလည်း ဗျူဟာမှူးကြေးဆိုပြီး ကားတစ်စီး ဖြတ်တိုင်း ငွေတောင်းလိုက်၊  အချိန်ဆွဲ ပညာပြ အနိုင်အထက်ပြုလိုက်နဲ့ဆို သူ့မှာ တစ်လကို သိန်း ၅၀၀ အထက်လောက်တော့ ဝင်ငွေရှိမှာပေါ့

ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကုန်သွယ်လမ်းကြောင်းတလျှောက် အာဏာသိမ်းစစ်တပ်နှင့် ဌာနဆိုင်ရာများကို အပိုထပ်ဆောင်းပေးနေရသည့် ပမာဏ များပြားလွန်းသဖြင့် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များ၊ ကုန်သည်များ အခက်တွေ့နေရသည်ဟု သိရသည်။

ကျွန်တော်တို့ ကုန်တင်ယာဥ်တွေက မိုင်းယန်းကနေ ကျိုင်းတုံကို  ကုန်ပစ္စည်းသယ်ဆောင်ရာမှာ မိုင်းယန်း -မိုင်းလွေ (စစ်တပ်ဂိတ်)၊ မိုင်းခတ်(ဗျူဟာဂိတ်)တို့ကို အသီးသီး ငွေကြေးပေးဆောင်ရတယ်။  မိုင်းလွေ (တပ်ဂိတ်)မှာ စစ်တပ် တာဝန်ကျတွေက ဗျူဟာမှူးကြေးအပါဆိုရင် ကားငယ် (၁) စီး တစ်သောင်းကနေ ၁၀ ဘီးကားဆိုရင် (၅) သောင်းအထိကောက်တယ်။ မိုင်းခတ် (ဗျူဟာဂိတ်)မှာ တပ်ထိန်း တပ်ကြပ်ကြီးက တပ်ထိန်း ကြေးရော၊ ဗျူဟာကို လစဥ်ကြေးအပါဆိုရင် ကားငယ် (၁) စီး (၂) သောင်းကနေ ၁၀ ဘီးတစ်စီး (၁) သိန်းအထိကောက်တယ်။ အဲဒါတွေ ပေးပြီးမှ ကျွန်တော်တို့ကုန်တင်ယာဥ်တွေက  ဝမ်တာပုံ (ပူးပေါင်းဂိတ်)က ကာစတန်(အကောက်ခွန်)မှာ အခွန်ဆောင်ရတာ။ ကျန်ဌာနဆိုင်ရာ အကုန်လုံးကိုလည်း သင့်သလိုပေးရတာပေါ့ဗျာ

ဟု ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း ကုန်သွယ်လမ်းကြောင်းရှိ မိုင်းခတ်ဗျူဟာက ၂၀၂၂ ခုနှစ် ဇန်နဝါရီမှစ၍ ကုန်မျိုးစုံ ယာဉ်ကြီး၊ ယာဉ်ငယ်များကို တင်ဆောင်လာသည့်ကုန်ပစ္စည်းများ အခွန်ဆောင်ထားခြင်း ရှိ၊ မရှိအပါအဝင် လုံခြုံရေးအကြောင်းပြ စစ်ဆေးခြင်းအား (၂) ရက်မှ (၃)ရက်အထိ အချိန်ကြာမြင့်စွာ လုပ်ဆောင်နေပြီး ငွေကြေးအပိုထပ်ဆောင်းတောင်းခံခြင်းကိုပါ လုပ်ဆောင်လာသည်ဟု သိရသည်။

အရင်ပေးနေရတာတွေအပြင် ဗျူဟာက သီးသန့်ကြေးဆိုပြီး ကားငယ်တစ်စီး (၂) သောင်း၊ ၆ ဘီးတစ်စီး (၅) သောင်း၊  ၁၀ ဘီးတစ်စီ (၁) သိန်းကို တပ်ထိန်း နေလင်းတို့  ဗျူဟာမှူး PSO ဆိုတဲ့ ဗိုလ်ကြီး ထက်လူအောင်တို့ရဲ့ ဖုန်းကို ကားနံပါတ်၊ ကုန်အမျိုးအစား ကြိုစာရင်းပေးပြီးတော့ အကြွေးမှတ်စုပေါင်းရှင်းပေးနေရတယ်

ဟု ကုန်သည်တစ်ဦးက ဆိုသည်။

အဆိုပါ လမ်းပိုင်းတလျှောက်တွင် မြို့အဝင်ဂိတ်များအပါအဝင် ဂိတ်ပေါင်း အနည်းဆုံး (၁၀) ဂိတ်ရှိပြီး စစ်တပ်၊ စရဖ၊ အကောက်ခွန်၊ သစ်တော၊ ယာဉ်ထိန်းရဲ၊ ရဲ၊ မူးယစ်ရဲ၊ လူကုန်ကူးရဲနှင့် လဝကတို့က ပူးပေါင်းအဖွဲ့ဖြင့် လည်းကောင်း၊ အချို့က သီးခြားသော်လည်းကောင်း ငွေကြေးတောင်းခံခြင်းများအား ကုန်တင်ကားများအားလုံး ပေးဆောင်ရကြောင်း သိရသည်။

ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်းလမ်းတလျှောက်ရှိ တပ်ဂိတ်များမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပြီး တပ်ဂိတ်များတွင် ငွေတောင်းကြမ်းနေသည်များကို တိုင်းမှူးထံ တိုက်ရိုက် အသိပေးတိုင်ကြားရန် အခက်တွေ့နေသည့်အတွက် လက်အောက် အရာရှိများက တဆင့် ဆက်သွယ်တိုင်ကြားသော်လည်း ထိရောက်မှုမရှိကြောင်း  ယာဉ်မောင်းများက ဆိုသည်။

ဆက်စပ်သတင်း