တာချီလိတ်မြို့တွင် ရဲအုပ်ဟောင်း ဗိုလ်လုံမြင့်ထွေး ဖွင့်လှစ်ထားသည့် Music Zone KTV  တွင် မူးယစ်ဆေးဝါး နှင့် ကျည်များ တွေ့ရှိ ဖမ်းမိ

တာချီလိတ်မြို့တွင် ရဲအုပ်ဟောင်း ဗိုလ်လုံမြင့်ထွေး ဖွင့်လှစ်ထားသည့် Music Zone KTV  တွင် မူးယစ်ဆေးဝါး နှင့် ကျည်များ တွေ့ရှိ ဖမ်းမိ

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရဲဝန်ထမ်းလုပ်ရင်း လောင်းကစားလုပ်ငန်းများနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဗိုလ်လုံမြင့်ထွေးဟု ခေါ်သည့် ရဲဝန်ထမ်းဟောင်းတစ်ဦးဖွင့်လှစ်ထားသော Music Zone KTV & Bar တွင် မူးယစ်ဆေးဝါး နှင့် ကျည်များ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း အားကစားရုံလမ်းတွင် ဖွင့်လှစ်ထားသည့် Music Zone KTV & Bar အား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့အကူးပိုင်း အချိန်က ဝင်ရောက် စစ်ဆေး ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

 Music Zone KTV & Bar တွင် ဖမ်းဆီးရမိသူများမှာ ရဲအုပ်ဟောင်း မြင့်ထွေး အပါအဝင် မျိုးဇော်ဦး နှင့် မြသန်းတို့ ဖြစ်ပြီး ၎င်းတို့ နှင့်အတူ စိတ်ပြောင်းမူးယစ်ဆေးဝါးအသစ်ဖြစ်သည့်  Happy Water (၂၂၃)ဂရမ် အပါအဝင် ကတ်တမင်း (၃၃.၅)ဂရမ်၊ အက်တက်စီဆေးပြား (၂)ပြားတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် ကျည်ဆန် (၅၇)တောင့် နှင့် ညကြည့် မှန်ပြောင်း (၁)ခု၊ ရိုးရိုးမှန်ပြောင်း (၃)ခုကိုလည်း တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ရဲဝန်ထမ်းဟောင်း မြင့်ထွေး ဆိုသူကို    ဖမ်းဆီးပြီး လက်ရှိတွင် စရဖ(စရတ)က စစ်ကြောရေး ပြုလုပ်နေကြောင်းနှင့် ၎င်း၏ Music Zone KTV & Bar ကိုလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။  

"တာချီလိတ်မှာ မူးယစ်ဆေးဝါးနဲ့လောင်းကစား တွဲလုပ်လို့ ချမ်းသာတဲ့အထဲမှာ သူက နံပါတ်တစ်ပဲ၊ ဟိုအရင်း နယ်ထိန်းခေါင်းဆောင်ကတည်းကပေါ့။ သူက သိုသိုသိပ်သိပ်နေတတ်တော့ လူတွေက သူ ဒုစရိုက်လုပ်တယ်ဆိုတာကို မသိကြဘူးပေါ့။ အခုတော့ ဘယ်လိုတွေ အဝေမတည့်ကြလဲတော့မသိဘူး။ ကြည့်ကောင်းနေပြီ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ရဲဝန်ထမ်းဟောင်း မြင့်ထွေး၏ အွန်လိုင်းဂိမ်းလောင်းကစား လုပ်ငန်းနေရာများကိုလည်း ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ထိုင်းနိုင်ငံသားများကို ဖမ်းဆီးရမိကြောင်းလည်း သိရသည်။

တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် အဓိက ရောင်းချနေသည့် မူးယစ်ဆေးဝါးမျိုးစိတ်သစ်ဖြစ်သည့် Happy Water နှင့် K  အများအပြား  ၂၀၂၂ခုနှစ် နိုဝင်ဘာလ၏ ဒုတိယပတ်အတွင်းက စပြီး ဖမ်းဆီးရမိပြီး ဖမ်းဆီးမှုအတွင်းလည်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ကြပ်တစ်ဦး သေဆုံးမှုအထိ ရှိခဲ့ပြီးနောက် ညပိုင်းများတွင် KTV နှင့် Club များကို စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်နေသာ်လည်း တာချီလိတ်မြို့ပေါ်ရှိ တရုတ်နိုင်ငံသားများ ဖွင့်လှစ်ထားသည့် KTV နှင့် Club များကိုတော့ စစ်ဆေးရဲခြင်း မရှိသေးကြောင်း သိရသည်။

 #TachileikNewsAgency