ကျိုင်းတုံခရိုင်အတွင်းရှိ ဝမ်တာပုံဂိတ် အပါအဝင် ဂိတ်များတွင် စစ်တပ်နှင့်ဌာနဆိုင်ရာများက  မကိုက်ဘူးဟုဆိုကာ ခရီးသွားပြည်သူများအပေါ် ငွေ အတောင်းကြမ်းနေ

ကျိုင်းတုံခရိုင်အတွင်းရှိ ဝမ်တာပုံဂိတ် အပါအဝင် ဂိတ်များတွင် စစ်တပ်နှင့်ဌာနဆိုင်ရာများက  မကိုက်ဘူးဟုဆိုကာ ခရီးသွားပြည်သူများအပေါ် ငွေ အတောင်းကြမ်းနေ
ဒီဇင်ဘာ 12, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းခတ် - မိုင်းယန်း - ကျိုင်းတုံလမ်းရှိ စစ်တပ်နှင့် ဌာနဆိုင်ရာများ၏ ဂိတ်များက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကထက် ငွေအတောင်းကြမ်းလာကြပြီး အဆိုးဆုံးမှာ ဝမ်တာပုံဂိတ်ဖြစ်သည်။

တစ်ချို့ဂိတ်တွေကတော့ ပုံမှန်လောက်ပါပဲ။ စစ်တပ်ဂိတ်က အရင်ကထက် ဈေးတက်လာတယ်။ အဆိုးဆုံးက ဝမ်တာပုံဂိတ်ပဲ။ သူတို့တောင်းသလောက်မပေးရင် ချိတ်ပိတ်မယ်ပြောတယ်။ ချိတ်ပိတ်ရင် တအားကြာတော့ ကားသမားတွေက ကြောက်တယ်။ သူတို့က ဂိတ်မှာထိုင်ပြီး မကိုက်ဘူးပြောသေးတာ။ ကားသမားတွေဘက်ကျ ကိုယ်ချင်းမစာဘူး။  အဆင်ပြေမနေဘူး။ မိုင်းခတ်ဂိတ်ကတော့ ဘီးခွန်အပြင် ထွေအုပ်ကြေးပါတောင်းတယ်။ အဲဒီဂိတ်က စစ်တပ်က အနားယူထားတဲ့လူကြီးရဲ့ မိန်းမဆိုတော့  မပေးရင် ရဲနဲ့ပါ ခြိမ်းခြောက်တာ။ ကျန်တဲ့ဂိတ်တွေက တော်ပါသေးတယ်။ ဝမ်တာပုံအဆိုးဆုံးပဲ

ဟု ယာဉ်မောင်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ လမ်းပိုင်းတလျှောက်တွင် မြို့အဝင်ဂိတ်များအပါအဝင် ဂိတ်ပေါင်း အနည်းဆုံး (၁၀) ဂိတ်ရှိပြီး စစ်တပ်၊ စရဖ၊ အကောက်ခွန်၊ သစ်တော၊ ယာဉ်ထိန်းရဲ၊ ရဲ၊ မူးယစ်ရဲ၊ လူကုန်ကူးရဲနှင့် လဝကတို့က ပူးပေါင်းအဖွဲ့ဖြင့် လည်းကောင်း၊ အချို့က သီးခြားသော်လည်းကောင်း ငွေကြေးတောင်းခံခြင်းများအား ကုန်တင်ကားများအားလုံး ပေးဆောင်ရကြောင်း သိရသည်။

ဝမ်တာပုံဂိတ်ကတော့ အရင်ကထက် နှစ်ဆလောက်တိုးကောက်တယ်။ ကုန်ကားဆိုရင် အကောက်ခွန်က အများဆုံးတောင်းတာပဲ။ ဝမ်တာပုံဂိတ်မှာဆို ကုန်ကား (၆)ဘီးဆို ယာဉ်ထိန်းက (၁) သောင်း၊ ရဲဂိတ်က (၃) သောင်း၊ မူးယစ်က (၂)သောင်း၊ လဝက (၅)ထောင်၊ သစ်တော (၅) ထောင်၊ စရဖက (၃) သောင်းကနေ (၄)သောင်း၊ အကောက်ခွန်က (၂) သိန်းခွဲတောင်းတယ်။ ကျန်တဲ့ဂိတ်တွေလည်းပေးရတယ်။ သူတို့ဂိတ်လောက်တော့မများဘူး

ဟု  ယာဉ်မောင်းတစ်ဦးက ထပ်မံအတည်ပြုသည်။

အဆိုပါလမ်းပိုင်းတွင် တစ်ရက်လျှင် ကုန်တင်ယာဉ်ကြီး အနည်းဆုံး အစီးရေ (၂၀) ထက်မနည်းဖြတ်သန်းသွားလာနေပြီး ကားအရွယ်အစားအလိုက် ဂိတ်ကြေးပေးရမှုကွာခြားသည်ဟု သိရသည်။