တာချီလိတ်တွင် လာအိုဘက်မှ ပြည်တော်ပြန်များလက်ခံနိုင်ရေး ပြင်ဆင်နေ

တာချီလိတ်တွင် လာအိုဘက်မှ ပြည်တော်ပြန်များလက်ခံနိုင်ရေး ပြင်ဆင်နေ
ဧပြီ 30, 2020
By 🌸
တာချီလိတ်တွင် လာအိုဘက်မှ ပြည်တော်ပြန်များလက်ခံနိုင်ရေး ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံဘက်မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ ခနှစ်၊ ဧပြီလ (၃၀)ရက်နေ့ နောက်ပိုင်းတွင် ပြန်လည်လက်ခံနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး COVID 19 ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေဆဲဖြစ်၍ နယ်စပ်ဂိတ်ပြန်ဖွင့်ရန်  အစီအစဉ်မရှိသေးကြောင်း သိရသည်။

“လာအိုနဲ့ထိုင်းဘက်မှာ ဧပြီလ (၃၀) ရက်နောက်ပိုင်းမှာတော့ လက်ခံသွားဖို့ရှိပါတယ်။ လတ်တလောက နယ်စပ်ဖွင့်ဖို့ အစီအစဉ်မရှိသေးဘူး။ ညွှန်ကြားထားတာလည်း မရှိသေးဘူး။ နှစ်နိုင်ငံလုံး မှာလည်း ရောဂါတားဆီးဖို့ လုပ်နေတုန်းပဲရှိသေးတယ်။ ပြည်တော်ပြန်လက်ခံတာနဲ့ ပတ်သက်လို့ နယ်စပ်ဖွင့်တာမဟုတ်ပါဘူး”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှနေ၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို  ပြန်လည်လက်ခံပေးနိုင်ရန် စာရင်းကောက်ယူမှုကို လာအိုရောက်မြန်မာများနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ စာရင်းကောက်တာတော့ ရက်သတ်မှတ်ထားတာမရှိပါဘူး။ လာအိုဘက်ရောက်နေတဲ့ မြန်မာတွေ အကူအညီနဲ့ ကောက်နေတာ။ သူတို့ဘက်က စာရင်းမြန်မြန်ဆန်ဆန် ရရင် မြန်မြန်ဆန်ဆန် ပြန်တင်ပြလို့ရတာပေါ့”

ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ ဦးရဲမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနေရပ်ပြန်များကို မိမိတို့နေရပ်ဒေသများသို့ မိမိစားစရိတ်ဖြင့် ချက်ချင်းပြန်နိုင်ရန်နှင့် သက်ဆိုင်ရာဒေသတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းများ လုပ်ဆောင်နိုင်ရန် ဒေသတာဝန်ရှိသူများက ကူညီမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - လာအိုနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်းနှင့် လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်ရှိ မိုင်းမောဆိပ်ကမ်းတို့မှ ကူးသန်းသွားလာခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဝမ်ပုံဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီယိုပြည်နယ်တွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာ၌ ကာစီနိုလောင်းကစားရုံများအပါအဝင် ဆက်စပ်လုပ်ငန်းများ၌ မြန်မာဘက်မှ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~