တာချီလိတ် - မယ်ဆိုင်အကြား ကုန်ပစ္စည်းသယ်သည့် မြန်မာယာဉ်မောင်းများ နစ်နာမှုနည်းစေရေး မြန်မာလိုင်စင်ယာဉ်များ အသုံးပြုကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း

တာချီလိတ် - မယ်ဆိုင်အကြား ကုန်ပစ္စည်းသယ်သည့် မြန်မာယာဉ်မောင်းများ နစ်နာမှုနည်းစေရေး မြန်မာလိုင်စင်ယာဉ်များ အသုံးပြုကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း
အောက်တိုဘာ 24, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား ကုန်ပစ္စည်းသယ်သည့် မြန်မာယာဉ်မောင်းများ နစ်နာမှုနည်းစေရေး မြန်မာလိုင်စင်ယာဉ်များ အသုံးပြုကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း
တာချီလိတ် - မယ်ဆိုင်ကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) တွင် မြန်မာလိုင်စင်မော်တော်ယာဉ်များကို ထိုင်းလိုင်စင်တပ်ယာဉ်များနှင့်တန်းတူ ပြေးဆွဲခွင့်အတွက် ညှိနှိုင်းပေးထားပြီးဖြစ်၍ မြန်မာနိုင်ငံသားများအနေဖြင့် နစ်နာမှုနည်းစေရန် မြန်မာလိုင်စင်ယာဉ်များအား တတ်နိုင်သမျှ သုံးစွဲကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းလိုက်သည်။
"ထိုင်းနိုင်ငံက ကားကိုသုံးမယ်ဆိုရင် ဒီတံတားပေါ်မှာ ကူးသန်းသွားလာခွင့် တစ်မျိုးပဲရမယ်။ အခု ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းထားတဲ့ အတိုင်း မြန်မာလိုင်စင်ကားတွေ သွားလို့ရနေပြီ။ ထိုင်းနိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ မဟုတ်ဘဲ တောင်ကြီးဘက် ခရီးသည်ပို့ဆောင်မယ်ဆိုလည်း ရတယ်။ ထိုင်းလိုင်စင်ကားကို သုံးတဲ့သူက တာချီလိတ် မယ်ယန်းဂိတ်ကိုကျော်ပြီး သွားလို့ မရဘူး။ တာချီလိတ်မြို့ထဲမှာပဲ ကုန်စည်ကူးသန်းလို့ရတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာလိုင်စင်ကားတွေကို ထိုင်းနိုင်ငံနဲ့ ကုန်သွယ်တဲ့အချိန်မှာ အသုံးပြုပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့တစ်တွေ ညီညီညွတ်ညွတ်နဲ့  ဆွေးနွေးခဲ့ကြတဲ့အချက်ကို မမေ့ပါနဲ့လို့ ပြောချင်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားတွင် တစ်နိုင်တစ်ပိုင်ကုန်စည်သယ်ယူပို့ဆောင်ခြင်းကို ယခင်က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)ကို အသုံးပြုနေရာမှ တံတား (၁) ပိတ်ထားစဉ် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် သီးသန့်အသုံးပြုနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှနေ၍ တစ်နိုင်တစ်ပိုင်ကုန်စည်ပို့ဆောင်ရေးကိုပါ ယာယီခွင့်ပြုထားစဉ် မြန်မာလိုင်စင် မှန်လုံယာဉ်ငယ်များကို ထိုင်းဘက်က ကန့်သတ်မှုများရှိနေ၍ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားခြင်းဖြစ်သည်။
"အရင်က ထက်စာရင်တော့ မြန်မာလိုင်စင်ယာဉ်သုံးတာ များလာတယ် ပြောရမှာပေါ့။ ဒီတံတားမှာဆိုရင်  အရင်က မြန်မာလိုင်စင်ဆိုလို့ ရေခဲတင်တဲ့ ကားလောက်ပဲရှိတာ။ အခုတော့ (၁၀)စီးလောက် တွေ့လာပါပြီ။ အတော်များများက ဒီမှာ ထိုင်းလိုင်စင်ပဲ ခွင့်ပြုမယ်ဆိုတော့ ထိုင်းလိုင်စင်ကားတွေ ဝယ်ထား၊ ငှားထားကြပြီးသားဖြစ်နေကြတာ"ဟု မြန်မာကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုကျော်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်အကြား တစ်ပိုင်တစ်နိုင် ကုန်စည်သယ်ဆောင်နေသည့် မှန်လုံယာဉ်ငယ်များထဲတွင် ထိုင်းလိုင်စင်ဖြင့် ယာဉ်အစီးရေ (၂၀၀) ကျော်ခန့်ရှိနေပြီး အများစုမှာ ထိုင်းနိုင်ငံသား အမည်ခံ၍ မြန်မာနိုင်ငံသားများ ဝယ်ယူထားကြရခြင်းဖြစ်ပြီး ထိုင်းလိုင်စင်ယာဉ်များအား မြန်မာယာဉ်မောင်းများ မောင်းနှင်သဖြင့် ယာဉ်အာမခံကြေးပေးဆောင်နေကြရခြင်းဖြစ်သည်။
ထိုင်းလိုင်စင်မော်တော်ယာဉ်များကို မြန်မာယာဉ်မောင်းများ မောင်းနှင်ပါက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားဖြတ်သန်းရန်အတွက် ယာဉ်အာမခံကြေး ဘတ် (၁၅,၀၀၀) ပေးဆောင်ထားရပြီး မြန်မာနိုင်ငံဘက်တွင် ယာဉ်ဖြတ်သန်းခ တစ်ခေါက်လျှင် ကျပ် (၄,၀၀၀) ပေးဆောင်ရခြင်းဖြစ်သည်။
မြန်မာလိုင်စင်မော်တော်ယာဉ်များကို အသုံးပြုပါက ထိုင်းနိုင်ငံဘက်တွင် အာမခံကြေး ဘတ် (၁၅,၀၀၀) ပေးဆောင်ရန်မလိုအပ်သည့်အပြင် မြန်မာနိုင်ငံဘက်ဝင်ရောက်ပါက ဖြတ်သန်းခ တစ်ခေါက်လျှင် ကျပ် (၁,၂၀၀) သာပေးဆောင်ရကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~