တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဗုံးပစ်သွင်းသည်ဟု  စွပ်စွဲ ဖမ်းဆီးခံထားရသူနှင့် နောက်လူငယ်တစ်ဦးတို့ကို စရဖက စစ်ကြောရေး ပြုလုပ်နေ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဗုံးပစ်သွင်းသည်ဟု  စွပ်စွဲ ဖမ်းဆီးခံထားရသူနှင့် နောက်လူငယ်တစ်ဦးတို့ကို စရဖက စစ်ကြောရေး ပြုလုပ်နေ
ဇန်နဝါရီ 19, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြီးခဲ့သည့်နှစ် ဧပြီလ(၁)ရက်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဗုံးပစ်သွင်းမှုနှင့် ယခုနှစ်အတွင်း ပေါက်ကွဲမှုများနှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် လူငယ် (၂) ဦးကို စရဖရုံးတွင် စစ်ကြောရေး ပြုလုပ်နေဆဲဖြစ်ကြောင်း  သိရသည်။

ကျော်ကျော် (ခ) ကျော်ဇင်ထွန်းနှင့် ချစ်ဦးတို့နှစ်ဦးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ဖမ်းသွားခဲ့ပြီးနောက် ကျော်ကျော် (ခ) ကျော်ဇင်ထွန်းအား ပြီးခဲ့သည့်နှစ် ဧပြီလ (၁) ရက်နေ့က ခရိုင်ရဲရုံးဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆက်စပ်၍လည်းကောင်း ချစ်ဦးအား ယခုနှစ် ဇန်နဝါရီလအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍လည်းကောင်း စရဖက ညှင်းပန်းနှိပ်စက် စစ်ဆေးနေကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သူတို့တွေ ပါဝင် ပတ်သက်မှုရှိ မရှိဆိုတာကို ခေါ်ပြီး စစ်ကြောရေး လုပ်နေတယ်။ စစ်ဆေးလို့ပြီးမှ ရဲစခန်းကို ပို့မှာ။ စစ်ဆေးတာကတော့ ထုံးစံအတိုင်းပေါ့

ဟု အမည်မဖော်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 အာဏာသိမ်းအဖွဲ့က ယမန်နှစ် ခရိုင်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျော်ကျော် (ခ) ကျော်ဇင်ထွန်းနှင့် လင်းလင်းဆိုသူတို့ကို မြို့မရဲစခန်းတွင် (ပ)၇၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ၅၀၅-က/၃၄  ဖြင့်အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရပြီး အမှုဖွင့်ခံရသူနှစ်ဦးအနက် ကျော်ကျော်(ခ)ကျော်ဇင်ထွန်းကို ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁)ရှိ ၎င်း၏ ဆိုင်ကယ်ပြင်ဆိုင်တွင် ဇန်နဝါရီလ (၁၈)နေ့က လာဖမ်းသွားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဇန်နဝါရီလ(၁၈)ရက်နေ့မှာပင် တာဝေမီးစက်ဝန်းတွင် နေထိုင်သည့် မီးလင်းရေးရုံးဝန်ထမ်းဖြစ်သူ ချစ်ဦးကို  မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရဘဲ လာဖမ်းသွားပြီးနောက် ယခုနှစ် ဇန်နဝါရီလဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်၍  စရဖ( စတရစု ၂ စိတ် ၁ )ရုံးတွင် ခေါ်ဆောင်စစ်ဆေးနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့သည် ဇန်နဝါရီလအတွင်း တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်၍ ၎င်းတို့သံသယရှိသူများကို လိုက်လံဖမ်းဆီးနေသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရပ်/ကျေး ပါတီဝင်အချို့အပါအဝင် သံသယရှိသူအချို့အား အမှုဖွင့်ထားကာ ဖမ်းဆီးရန်ကြိုးစားနေကြောင်း သိရသည်။

#TachileikNewsAgency

 

ဆက်စပ်သတင်း