တာချီလိတ်မြို့တွင် ဆန္ဒပြမှုဖြင့် အမှုဖွင့် ရှာဖွေခံထားရသူ လူငယ် တစ်ဦး (၁၀)လ အကြာတွင် ဖမ်းခံရ

တာချီလိတ်မြို့တွင် ဆန္ဒပြမှုဖြင့် အမှုဖွင့် ရှာဖွေခံထားရသူ လူငယ် တစ်ဦး (၁၀)လ အကြာတွင် ဖမ်းခံရ
ဇန်နဝါရီ 18, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလအတွင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုကြောင့်ဟုဆိုကာ အမှုဖွင့်ပြီးနောက် ဖမ်းဆီးရန် စုံစမ်းရှာဖွေခံထားရသည့် ကိုချစ်ဦးကို အမှုဖွင့်ထား အပြီး (၁၀)လ အကြာတွင် သတင်းပေးမှုကြောင့် တာဝေမီးစက်အတွင်း၌ ဖမ်းဆီးခံရကြောင်း သိရသည်။

"သူ အလုပ် လုပ်တဲ့ မီးလင်းရေးရုံးရဲ့ လိုင်းခန်းမှာ ဒီနေ့ နေ့လည်က ဝင်ဆွဲသွားတာ။ သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ သတင်းပေးကြောင့် ဖမ်းခံရတာ။ ခုလောလောဆယ်တော့ သူ့ Facebook အကောင့်ကနေလည်း တချို့ ဆက်သွယ်မှုတွေကို စောင့်ကြည့် စစ်ဆေးနေတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၆၄/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ကျင့် ၅၁၂ ဖြင့် ၂၀၂၁ခုနှစ် မတ်လ(၂၀)ရက်နေ့က အမှုဖွင့်ကာ ရဲတပ်ဖွဲ့၏ လိုက်လံ ရှာဖွေမှုကို ခံထားရသည့် ကိုချစ်ဦး ကို လူမမိသေးသော်လည်း တရားရုံးတွင် ရာသေးအမှတ် ၄၉/၂၀၂၁ ဖြင့်  ရုံးချိန်းအကြိမ်ကြိမ် ပြုလုပ်ထားခဲ့သည်ဟုလည်း သိရသည်။

ယခုအခါတွင် ၎င်းအား ဖမ်းမိ၍ စစ်ကြောရေး ပြုလုပ်နေပြီး ၅၀၅-က ဖြင့်ပါ အမှုဖွင့်နိုင်ရန် လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဗုံး(၄)ကြိမ် ပေါက်ကွဲမှုကြောင့် အများအပြားကို ဖမ်းဆီးထားပြီး အမှုဖွင့်နိုင်ရန်အတွက် (၂၄)နာရီထက် ကျော်လွန်ကာ ဖမ်းဆီးထားကား   စစ်ကြောရေးများ ပြုလုပ်နေပြီး အမှုဖွင့်သည့် အခါမှာလည်း ဖမ်းဆီးထားသည့် (၂၄)နာရီကျော်လွန်သွား၍ ဖမ်းမိသည့်နေ့ကို မဖော်ပြဘဲ အမှုဖွင့်သည့် (၂၄)နာရီအတွင်း ရက်စွဲကိုသာ အသုံးပြုနေကြောင်း သိရသည်။

#TachileikNewsAgency