ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဖွယ်အခမ်းအနားနှင့် ဈာပနကို အာဏာသိမ်းစစ်တပ်၏ တြိဂံတိုင်းမှူးလည်း တက်ရောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဖွယ်အခမ်းအနားနှင့် ဈာပနကို အာဏာသိမ်းစစ်တပ်၏ တြိဂံတိုင်းမှူးလည်း တက်ရောက်
မတ် 30, 2022 | ရှမ်းရှေ့

ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဘွယ် အခမ်းအနားနှင့် ဈာပနကို ၂၀၂၂ ခုနှစ် မတ်လ (၂၉)ရက်နေ့က မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်တွင် ကျင်းပနေရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်ကြပြီး အာဏာသိမ်းစစ်ကောင်စီ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းလည်း တက်ရောက်သည်ကို တွေ့ရသည်။

ယမန်နေ့က အခမ်းအနားတွင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိင်းရေးကော်မတီ (FPNCC) အဖွဲ့မှ  UWSA ဒုဥက္ကဌ၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဌ တာအိုက်ဘုန်း၊ ဒုဥက္ကဌ တာခူးလန်း၊ စစ်ဦးစီးချုပ် တာဟိုပလန်တို့အပြင် အာဏာသိမ်းစစ်ကောင်စီ ထိုးစစ်ဆင်နေသည့် ကရင်နီ (ကယား)ပြည်နယ်မှ ခေါင်းဆောင်များလည်း တက်ရောက်သည်ကို တွေ့ရသည်။

ယင်းအပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကွန်မြူနစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ကြပြီး အခမ်းအနားကို လူပေါင်း (၃၀၀၀)ဝန်းကျင်ဖြင့် ကျင်းပနေခြင်းဖြစ်သည်ဟု သိရသည်။

 အဆိုပါ အခမ်းအနားကို မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်၌ သုံးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

ကိုးကန့် MNDAA ကို ၁၉၈၉ ခုနှစ်တွင် ဦးဆောင်တည်ထောင်ခဲ့သည့် ဖုန်ကျားရှင်သည်  အထူးဒေသ(၁) ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် အသက် ၉၄ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ 

MNDAA ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်အခြေစိုက်ရာ ကိုးကန့်ဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။