အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲဝင်များ၏ အသက်(၅၅)နှစ်အောက် ဇနီးများ စစ်ရေးဆိုင်ရာသင်တန်း မဖြစ်မနေ တက်ရန် စာရင်းကောက်နေ

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲဝင်များ၏ အသက်(၅၅)နှစ်အောက် ဇနီးများ စစ်ရေးဆိုင်ရာသင်တန်း မဖြစ်မနေ တက်ရန် စာရင်းကောက်နေ
ဇန်နဝါရီ 16, 2022 | ရှမ်းရှေ့

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲအရာရှိ၊တပ်ဖွဲ့ဝင်များ၏ အသက် ၅၅ နှစ်အောက် ဇနီးသည်များ စစ်ရေးဆိုင်ရာသင်တန်း မဖြစ်မနေတက်ရန် ညွှန်ကြားချက်ကြောင့် ရှမ်းပြည်နယ်တွင်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများစာရင်းကို ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရဲအရာရှိ၊ တပ်ဖွဲ့ဝင်များ၏ အသက်(၅၀)နှစ်အောက် ဇနီးများကို စစ်ရေးဆိုင်ရာသင်တန်း တက်စေပြီး လက်ရှိတွင် (၅၅)နှစ်အောက် အမျိုးသမီးများကို သင်တန်းတက်ခိုင်းလာခြင်းဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ကာလတုန်းက အသက်(၅၀)နှစ်အောက် သင်တန်းက ပြီးသွားပြီ။ အခုက အသက်(၅၅)နှစ်အောက် အိမ်ထောင်သည် အမျိုးသမီးတွေကို သင်တန်းပေးဖို့ပါ။ သင်တန်းကတော့ ရှမ်းပြည်နယ်တခုလုံးပေါ့။ တကယ်တော့ မြန်မာနိုင်ငံတစ်ခုလုံးပါ။ အားလုံးလည်း စာရင်းကောက်နေကြတယ်။ အခုလို သင်တန်းမျိုး တဆင့်ပြီး တဆင့်လာမယ်။ နောက်ဆုံး သားသမီးတွေပါ လာနိုင်တယ်"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မဲစာရင်းမှားသည်ဟု အကြောင်းပြ၍ အာဏာသိမ်းလိုက်ပြီးနောက် ၎င်းတို့၏အကြမ်းဖက်နှိမ်နှင်းမှုများကို ခုခံတွန်းလှန်သည့် တစ်နိုင်ငံလုံးမှ ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့်ပါ ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့ကိုသာမက ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများကိုပါ အရန်အင်အားအဖြစ် သုံးရန်ကြိုးစားလာသည်ကို တွေ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ အင်အားမှာ အရံအင်အား အပါအဝင် (၄)သိန်းကျော်ရှိပြီး ရဲတပ်ဖွဲ့အင်အားမှာ (၉၀,၀၀၀)ကျော်သာ ရှိသည်။

 

ဆက်စပ်သတင်း

PDF များ ဝင်တိုက်ပါက ခုခံကာကွယ်ရန်ဟုဆိုကာ ရှမ်း(ရှေ့)မှ ရဲတပ်ဖွဲ့ဝင် ဇနီးသည် (၂၈၀)ကျော် စစ်သင်တန်းကို မတက်ချင်လည်း တက်နေရ