တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့မှုရှိ၍ Quarantine ထား ထားသည့် အုပ်စုထဲက အမျိုးသားတစ်ဦး ထွက်ပြေး လွတ်မြောက်

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့မှုရှိ၍ Quarantine ထား ထားသည့် အုပ်စုထဲက အမျိုးသားတစ်ဦး ထွက်ပြေး လွတ်မြောက်
ဇွန် 21, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၈၅)ဦးအထိ တွေ့ရှိထားသည့် မိုးကုတ်တရားရိပ်သာ၏ Facility Quarantine Center မှ အမျိုးသားတစ်ဦး ယနေ့ ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသူမှာ ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား အသက်(၄၅)နှစ်ဝန်းကျင်ရှိ ဦးကျက ဆိုသူဖြစ်ပြီး ၎င်းသည် ၂၀၂၁ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက မိုးကုတ်တရားရိပ်သာ၏ Facility Quarantine Center ကနေ ထွက်ပြေးသွားခြင်း ဖြစ်သည်။

ယင်းသို့ ထွက်ပြေးသွားခြင်းကြောင့် ထောင်ဒဏ်(၁)နှစ်ထက်မပိုသော ပြစ်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၀)၊ အပုဒ်ခွဲ(က)ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင်  အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားကြောင်း သိရသည်။

တာချီလိတ်သို့ ၂၀၂၁ခုနှစ် ဇွန်လ (၁)ရက်နေ့က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦးကို ဝင်လာသည့်နေ့၌ စစ်ဆေးရာ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရသည့်အတွက် ကျန် (၁၀၂) ဦးကို တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ထားပြီး Covid-19 စစ်ဆေးနေခြင်း ဖြစ်ရာ ယနေ့ ဇွန်လ(၂၁)ရက်နေ့တွင် ၎င်းသည် Quarantine Center ထွက်ပြေးသွားခြင်း ဖြစ်သည်။

၎င်းမတိုင်မီ ဇွန်လ(၃)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က မောင်အိုက်ရောဆိုသူလည်း ထွက်ပြေးသွားပြီး ယနေ့အထိ ရှာမတွေ့သေးသည့်အတွက် ထွက်ပြေးသွားသူ (၂)ဦး ရှိနေပြီဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦးတွင် (၂)ဦးမှာ ထွက်ပြေးသွားသည့်အတွက် ကျန်ရှိသည့် (၁၀၇)ဦးအနက် ယနေ့ ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိရသည့် (၃)ဦး အပါအဝင် စုစုပေါင်း (၈၅)ဦးတွင် Covid-19 ပိုးတွေ့ရှိထားရသည်။