တာချီလိတ်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးမည်ဟု သတင်းများထွက်၍ ကိုယ့်နည်းကိုယ့်ဟန်နှင့် ရောင်းချနေကြသည့် ဆိုင်ကယ်ဆိုင်ပေါင်း (၂၀)ကျော် ပိတ်ထားရ

တာချီလိတ်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးမည်ဟု သတင်းများထွက်၍ ကိုယ့်နည်းကိုယ့်ဟန်နှင့် ရောင်းချနေကြသည့် ဆိုင်ကယ်ဆိုင်ပေါင်း (၂၀)ကျော် ပိတ်ထားရ

တာချီလိတ်ခရိုင်အတွင်းရှိ ဆိုင်ကယ်အရောင်းပြခန်းများနှင့် ဆိုင်ကယ်ပွဲစားတန်းဟု ခေါ်သည့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွင့်လှစ်ရောင်းချနေရသည့်  နေရာများတွင် ဝင်ရောက်စစ်ဆေးပြီး လိုင်စင်မဲ့ ဆိုင်ကယ်များ သိမ်းမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ တာချီလိတ်ခရိုင်အတွင်းရှိ ဆိုင်ကယ်အရောင်းနေရာများအားလုံး ပိတ်ထားရသည်။

ဒီနေ့ အခြားမြို့ကြီးတွေ တော်တော်များများမှာ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်စစ်တယ်။ အသိဆိုင်ကယ်တွေလည်း ပါသွားတယ်။ လိုင်စင်မဲ့တွေပါသွားတာ၊ တာချီလိတ်မြို့မှာတော့ ဒီနေ့ ဆိုင်ကယ်ဆိုင်အရောင်းဆိုင်တွေ အားလုံး ပိတ်ထားတယ်။ တမြို့လုံး ဆိုင်ကယ်အရောင်းဆိုင်တွေ မဖွင့်ရဲကြဘူး။  လိုင်စင်နဲ့ရောင်းတဲ့ ဆိုင်ကတော့ ဖွင့်ထားတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုတော့ ဝှက်ထားရတယ်လို့ ပြောတယ်

ဟု တာချီလိတ်မြို့ခံလူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၈)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်အရောင်းပြခန်းမဟုတ်ဘဲ ဝယ်ရောင်းပြုလုပ်နေသည့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွင့်လှစ်ကာ တစ်နိုင်တစ်ပိုင် ရောင်းချရန် ဖွင့်လှစ်ထားသည့် အရောင်းဆိုင်များမှာ ဆိုင်ပေါင်း (၂၀)အထက်ရှိရာ ယနေ့တွင် အားလုံးမှာ ပိတ်ထားရကြောင်း သိရသည်။

အရင်တုန်းကဆိုရင်တော့ဗျာ။ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးတာလုပ်မယ်။ မရောင်းရဘူးဆိုတာတွေကို ကြိုအသိပေးတယ်ဗျ။ ခုက ဘယ်ချိန် ကိုယ့်ဆိုင်လာစစ်မလဲဆိုပြီး လန့်နေလို့ ပိတ်ထားလိုက်တယ်။ ဘာတွေလည်းမသိတော့ပါဘူးဗျာ။ လုပ်စားရတာလည်း မလွယ်တော့ပါဘူး

ဟု ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်ပြီး ဆိုင်သေးဖွင့်ထားသူ တစ်ဦးက ပြောသည်။

စစ်ဆေးမှုများပြုလုပ်ခြင်းကို တာချီလိတ်သတင်းအေဂျင်စီမှ စုံစမ်းချက်အရ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့နှင့် ကျိုင်းတုံမြို့တို့တွင် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများကို လုပ်ဆောင်ခြင်းဖြစ်ရာ အဓိကအားဖြင့် ဆိုင်ကယ်အရောင်းဆိုင်(Showroom)များကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဖို့ဆိုပြီးတော့ လောလောဆယ် မညွှန်ထားသေးဘူး။ ပိတ်ခိုင်းထားဖို့ဆိုပြီးတော့ပဲ ညွှန်ကြားလာတာတော့ရှိတယ်။ နောက်ဆက်ပြီး ဘယ်လိုညွှန်ကြားမလဲတော့ မပြောတတ်သေးဘူး။ သွားစစ်ပြီး မှတ်တမ်းပုံတွေ ပြန်တင်ပြရတာပေါ့

ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

နယ်စပ်ဒေသများမှ မော်တော်ဆိုင်ကယ်တင်သွင်းရန် လိုင်စင်လျှောက်ထားမှု နှင့် အမှန်တင်သွင်းမှုများကို မေလ(၈)ရက်နေ့က စ၍ ယာယီဆိုင်းငံ့သွားရန် ကုန်သွယ်ရေးဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုံသို့ ညွှန်ကြားထားကြောင်းသာ သိရပြီး၊ တာချီလိတ်နယ်စပ်တွင် ညွှန်ကြားထားခြင်း ရှိမရှိကို မသိရသေးပေ။