PDF များ ဝင်တိုက်ပါက ခုခံကာကွယ်ရန်ဟုဆိုကာ ရှမ်း(ရှေ့)မှ ရဲတပ်ဖွဲ့ဝင် ဇနီးသည် (၂၈၀)ကျော် စစ်သင်တန်းကို မတက်ချင်လည်း တက်နေရ

PDF များ ဝင်တိုက်ပါက ခုခံကာကွယ်ရန်ဟုဆိုကာ ရှမ်း(ရှေ့)မှ ရဲတပ်ဖွဲ့ဝင် ဇနီးသည် (၂၈၀)ကျော် စစ်သင်တန်းကို မတက်ချင်လည်း တက်နေရ
ဒီဇင်ဘာ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း PDF များ ဝင်ရောက် တိုက်ခိုက်လာပါက ခုခံကာကွယ်နိုင်ရန်အတွက် ဟုဆိုကာ ခရိုင်(၃)ခရိုင်မှ ရဲတပ်ဖွဲ့၏ ဇနီးသည်များကို မတတ်မနေရ စစ်သင်တန်း တစ်လတာ ပို့ချပေးနေရာ အိမ်ထောင်သည် (၂၈၀)ကျော်မှာ မတက်ချင်လည်း တက်ရောက်နေရသည်။ 

ပြောရရင်တော့ တော်တော်များများက မတက်ချင်ပါဘူး။ အလုပ်မအားရတဲ့အထဲ အပင်ပန်းလည်း မခံနိုင်ဘူး။  အပြင်မှာနေတဲ့ အိမ်ထောင်သည်တွေကတော့ ကောင်းပါတယ်။ သင်တန်း မလာဘဲ အတက်ပြပြီး ရှောင်နေကြတာလည်းများတယ်။ တန်းတူညီမျှဆိုတာက စာရွက်ပေါ်မှာပဲ ရှိတော့တယ်ထင်တယ်။

ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်၏ ဇနီးသည်တစ်ဦးက ပြောသည်။

စစ်သင်တန်းတွင် အသက်(၅၀)အောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဇနီး နှင့် မြို့မစခန်းမှူး၏ ဇနီးဖြစ်သူများ ကိုယ်တိုင် တက်ရောက်ရမည်ဟု အခြား တိုင်းဒေသ နှင့် ပြည်နယ်များတွင် ညွှန်ကြားထားသော်လည်း ရှမ်း(ရှေ့)အနေဖြင့် ညွှန်ကြားထားခြင်း ရှိ မရှိကိုတော့ မသိရသေးပါ။ 

မိုင်းဆတ်ခရိုင်အပြင် တာချီလိတ် နဲ့ ကျိုင်းတုံခရိုင်လက်အောက်က တပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေ ပါပါတယ်။ နယ်ရဲရယ်လို့မဟုတ်ဘူး အချို့ သီးခြားတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေလည်းပါတယ်။  ကျွန်တော်သိရသလောက်တော့ ရှမ်း(ရှေ့)တစ်ခုလုံးမှာ တက်ရောက်စာရင်းက (၂၈၀)ကျော်ရှိတယ်လို့ကြားတယ်။ ဒါကတော့ စာရင်းအရပေါ့။ စာရင်းပဲပေးပြီး ပုံမှန် မတက်တဲ့ သူတွေလည်းရှိတယ်။ ဥပမာ အပြင်အလုပ် လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင် မိန်းမတွေ မပါတာတွေလည်းရှိတယ်။ တာချီလိတ်ကတော့ အဲ့လို မျိုးတွေများတယ်လို့ ကြားတယ်

ဟု အမည်မဖော်လိုသူ ရဲအငြိမ်းစားတစ်ဦးက Tachileik News Ageny သို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း အနေဖြင့် အဆိုပါ သင်တန်းအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့လက်အောက်များရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးသည်များ တက်ရောက်နေရခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားမှာ ၂၀၁၉ ခုနှစ်၏ စာရင်းအရ စုစုပေါင်း (၈၃,၀၈၆)ဦးရှိပြီး အရာရှိ စာရင်းမှာ (၁၄,၉၅၁)ဦး၊ အခြားအဆင့်မှာ (၆၈,၁၉၂)ဦးရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအနေဖြင့် တာချီလိတ်ခရိုင်တစ်ခုလုံးမှ ရဲအင်အား (၃၀၀)ကျော် အပါအဝင် (၇၅၀)ဝန်းကျင်သာ ရှိကြောင်းလည်း သိရသည်။