တာချီလိတ်မြို့ ရီဂျီးနားမှ ဝမ်မိုင်ရွာသို့ သွားရာ အဆင်းလမ်းတွင် အင်အားအများအပြားဖြင့် စစ်ဆေးနေ

တာချီလိတ်မြို့ ရီဂျီးနားမှ ဝမ်မိုင်ရွာသို့ သွားရာ အဆင်းလမ်းတွင် အင်အားအများအပြားဖြင့် စစ်ဆေးနေ
ဇန်နဝါရီ 15, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရီဂျီနားဟိုတယ်အဆင်းလမ်းမှ ဝမ်မိုင်ရွာထဲသို့ သွားရာ ဝန်းကျင်တလျှောက်တွင် စစ်တပ်နှင့်ရဲ သာလွန်အင်အား အများအပြားဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ည(၉)နာရီအချိန်အထိ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

"မိုးကတော့ ဖွဲဖွဲလေးရွာနေတယ် စစ်သားတွေ အများကြီးပဲ၊ ရဲတွေလည်းပါတယ်။ ကားတောင် (၆)စီးလောက်ရှိတယ်။ လူနည်းနည်းနဲ့ စစ်ရင် ဗုံးလာခွဲမှာ ကြောက်လို့လားမသိဘူး။ အင်အား တော်တော်များတယ်။ လွတ်လွတ်လပ်လပ်သွားလာလို့မရဘူး သူတို့ စစ်နေတာကိုပဲ ကြောက်နေရတယ်။ မနေ့ညကလည်း ည(၁၀)နာရီ မထိုးသေးဘူး စစ်ဆေးတဲ့ စစ်သားနဲ့တိုးလို့ လူငယ်တစ်ယောက် နရင်းအုပ်ခံရသေးတယ်။ သူတို့တွေ မူးနေသလားမသိဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ နေ့ပိုင်းတွင် ယခင်နေ့ထက် စစ်ဆေးမှု အနည်းငယ်သာ ရှိခဲ့ပြီး စစ်ကား၊ အိမ်စီးကားများဖြင့် လှည့်လည်သွားလာမှုများသာ အများဆုံးရှိသည်ဟု သိရသည်။



တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှု (၄)ကြိမ်ဖြစ်ပွားပြီးနောက် နေ့ရောညပါ  လမ်းကြားများကို အဓိက ဦးစားပေး စစ်ဆေးနေခြင်း ဖြစ်သည်။