တာချီလိတ်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် (၉)ဦးကို အာဏာသိမ်းစစ်တပ်က PDF ဟု စွပ်စွဲကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ပြီး ရှာဖွေနေ

တာချီလိတ်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် (၉)ဦးကို အာဏာသိမ်းစစ်တပ်က PDF ဟု စွပ်စွဲကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ပြီး ရှာဖွေနေ
ဇန်နဝါရီ 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပေါက်ကွဲမှုများနှင့်ပတ်သက်၍ သံသယရှိသူများအား အာဏာသိမ်းအဖွဲ့ လက်အောက်ခံ စစ်တပ်နှင့်ရဲက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေရာ စစ်ဆေးခံနေရသူများထဲက တစ်ဦး၏ ထွက်ဆိုချက်အရ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် (၉)ဦးကို PDF ဟု စွပ်စွဲကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ရှာဖွေနေကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်(ဝမ်မိုင်)မှ ဖမ်းဆီးခံရသည့် NLD ပါတီဝင် ကိုသက်ပိုင်စိုးအား အမှုလျှော့ပေါ့ပေးမည်ဟု လိမ်လည်ပြောဆိုကာ  NLD ပါတီမှ ၎င်းတို့ ဖမ်းဆီးလိုသူများ၏ အမည်နှင့် နေရာများကို လိုက်လံပြသခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ပါတီဝင် လူငယ်ထံမှ သိရသည့်  NLD ပါတီဝင်များ အမည်စာရင်းကိုသုံး၍ အာဏာသိမ်းအဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်ကို တာချီလိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၏ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ကိုနိုင်မင်းထွန်း၊ ကိုကောင်းဆက်၊ ကိုရှာမွေလှ၊ ကိုကောင်းကျော်လင်း၊ ကိုကျော်ထက်အောင်၊ ကိုကျော်လင်းအောင် နှင့် ကိုဝေဇင်ဦးတို့ကို PDF အဖွဲ့ဝင်များအဖြစ်လည်းကောင်း စွပ်စွဲကာ အကြမ်းဖက်ဥပဒေဖြင့် အသီးသီးအမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

PDF ခေါင်းဆောင်နှင့် PDF အဖွဲ့ဝင်များဟု စွပ်စွဲခံရသည့် အဆိုပါ (၉) ဦးကို ဟောင်လိတ်နယ်မြေရဲကင်း စခန်းမှူး ရဲအုပ် သန်းဝင်းနိုင်က တရားလို ပြုလုပ်ပြီး (ပ)၁၀/၂၂၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင်  အမှုဖွင့်လိုက်ကြောင်း သိရသည်။

ကိုသက်ပိုင်စိုးသည်လည်း တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံလိုက်ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် (၃) ရက်ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲအဖွဲ့က လူငယ်များ နှင့် NLD ပါတီဝင်အများအပြားကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့်  လူငယ်တစ်ဦးကို ဖမ်းဆီး စစ်ဆေးပြီး ဗုံးကွဲမှုနှင့် မသက်ဆိုင်သော်လည်း Facebook ပေါ်တွင် အာဏာရှင်ဆန့်ကျင်၍ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်