ဝန်ကြီးဟောင်းသားက အာဏာသိမ်းစစ်တပ်ကို ဖမ်းခိုင်းသည့် လူငယ်များ တစ်ရက်အတွင်း ထောင်ဒဏ်တစ်လစီချမှတ်ခံရ

ဝန်ကြီးဟောင်းသားက အာဏာသိမ်းစစ်တပ်ကို ဖမ်းခိုင်းသည့် လူငယ်များ တစ်ရက်အတွင်း ထောင်ဒဏ်တစ်လစီချမှတ်ခံရ
By Tachileik News Agency

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပြည်နယ်ဝန်ကြီးဟောင်းတစ်ဦး၏သားက ၎င်းအားဆဲသည့် လူငယ် ၅ ဦးကို အာဏာသိမ်းစစ်တပ်ခေါ်၍ ဖမ်းသွားပြီးနောက် တစ်ရက်အကြာတွင် ဖမ်းခံရသည့် လူငယ် (၃) ဦးကို ထောင်ဒဏ် (၁)လစီချလိုက်ပြီး ကျန် (၂) ဦးကို ခံဝန်ဖြင့်လွှတ်လိုက်ကြောင်း သိရသည်။

ဝန်ကြီးဟောင်းသားက သူ့ကိုဆဲတဲ့သူတွေကို စစ်တပ်ကို အကြောင်းကြားပြီး လိုက်ဖမ်းကြတဲ့အခါ လမ်းဘေးမှာဖုန်းပြောနေတဲ့ လူငယ်တစ်ဦးကိုပါ ဖမ်းသွားတာ။ ဖမ်းသွားတာက စုစုပေါင်း (၅) ဦးမှာ ဖုန်းပြောနေတဲ့ လူငယ်အပါအဝင် (၃) ဦးကို ထောင် တစ်လစီချလိုက်တယ်။

 ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဂွမြို့တွင် ယမန်နေ့ကဖမ်းဆီးခံရသူ (၅) ဦးအနက် (၃) ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄ ဖြင့် ဂွမြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် (၁)လစီချမှတ်ကာ (၂) ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဦးသိန်းစိန်လက်ထက်က ရခိုင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သူ၏ သားဖြစ်သူ စိုးနီလတ်က ၎င်းအားဆဲဆို၍ဟုဆိုကာ ဂွမြို့မှ လူငယ် (၃) ဦးနှင့် အနီးတွင်တွေ့ရသည့် လူငယ် (၂) ဦးတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၈) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်ကိုခေါ်၍ ရိုက်နှက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် စိုးနီလတ်ကိုယ်တိုင်ပါဝင်သည်ဟု  သိရသည်။

 

၎င်းအား ဆဲသူကို အာဏာသိမ်းစစ်တပ်ခေါ်၍ ဖမ်းဆီးသည့် စိုးနီလတ်ဆိုသူမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးအေး၏ သားဖြစ်ပြီး အစိုးရ၏ စီမံကိန်းအချို့ကို ကန်ထရိုက်ယူကာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။