AA သိမ်းပိုက်ထားသည့် တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နှင့် ဇနီး တိုက်ပွဲအတွင်း ကိုယ်လွတ်ရုန်း ထွက်ပြေး

AA သိမ်းပိုက်ထားသည့် တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နှင့် ဇနီး တိုက်ပွဲအတွင်း ကိုယ်လွတ်ရုန်း ထွက်ပြေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရှိအမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)ကသိမ်းပိုက်နေစဉ်  အဆိုပါ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဇနီးတို့ ကိုယ်လွတ်ရုန်း ထွက်ပြေး သွားကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့က စတင်ကာ ရက္ခိုင့်တပ်တော်က မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကာ အသက်မသေစေလိုလျှင် လက်နက်ချအညံ့ခံရန်လည်း သတိ ပေးပြီးနောက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် အပြီးသိမ်းလိုက်ခြင်းဖြစ်သည်။

"ဗိုလ်မှူးချုပ်ကျော်ထင်နဲ့အဖွဲ့တွေ မင်းပြား ဖုံသာချောင်းဘက်ကို ထွက်ပြေးတာ။"ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကို မတ်လ(၂)ရက်နေ့တွင် ပြောသည်။

၎င်းတို့ထွက်ပြေးသည့် အကြောင်းကိုလည်း CDM ဗိုလ်ကြီးတစ်ဦး ဖြစ်သည့် ဗိုလ်ကြီးဇင်ယော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။ 

ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျောင်ထင်သည် ၂၀၂၀ ခုနှစ်က  ဗိုလ်မှူးကြီးအဆင့်ဖြင့် မကွေးတပ်မ(၈၈)မှ ဘူးသီးတောင်ကို ပြောင်းရွေ့လာခဲ့ပြီး ယင်းနောက် ဘူးသီးတောင်မှ ကမ်းနီသင်တန်းကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးချုပ်ရာထူး  တိုးလာသူဖြစ်‌ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ကျော်ထင်၏ အမျိုးသမီးမှာ ဒေါ်အေးသောင်းဝေဖြစ်ပြီး စစ်ကောင်စီတပ်၏ လော်ဘီစာရေးဆရာ သောင်းဝေဦး၏ သမီးဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်လော်ဘီ သောင်းဝေဦးသည် "စစ်သားဘ၀အမှတ်တရများ"၊ "သေကံမရောက်သက်မပျောက်" စသည့် အခန်းဆက်များကို လျှို့ ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ရေးသားခဲ့သူဖြစ်ကြောင်း ဗိုလ်ကြီး ဇင်ယော်က ထုတ်ဖော် ရေးသားထားသည်။

ရခိုင့်တပ်တော်သည် မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီ လ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁)တပ်ရင်းတို့ကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင်ထပ်မံသိမ်း၍ မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။