မတူပီမြို့နယ်အတွင်း အရပ်သား ၁၁ ဦးကို အစုအပြုံလိုက်သတ်ခဲ့သည့် အာဏာသိမ်းစစ်တပ်ကို CDF မတူပီက မိုင်းခွဲတိုက်ခိုက်

CDF မတူပီ စစ်ရေးလေ့ကျင့်နေစဉ်
CDF မတူပီ စစ်ရေးလေ့ကျင့်နေစဉ်
မတူပီမြို့နယ်အတွင်း အရပ်သား ၁၁ ဦးကို အစုအပြုံလိုက်သတ်ခဲ့သည့် အာဏာသိမ်းစစ်တပ်ကို CDF မတူပီက မိုင်းခွဲတိုက်ခိုက်
By Tachileik News Agency

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူ (၁၁)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် မတူပီ- ပလက်ဝလမ်းပိုင်းဧရိယာအတွင်း အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် ခမရ(၃၀၄)တပ်ရင်းကို CDF မတူပီက မိုင်းခွဲတိုက်ခိုက်ရာ (၃) ဦး သေသည်ဟု သိရသည်။

မတူပီမြို့နယ်အတွင်း မတူပီ - ဟားခါးလမ်းပေါ်ရှိ ကီးလှုန်းနှင့် လုံလှောကျေးရွာကြားတွင် ဇန်နဝါရီလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က အရပ်သား (၁၁)ဦးကို လမ်းပြပေးရန်ဟု ဖမ်းဆီးသွားပြီးနောက် ဇန်နဝါရီလ (၈) ရက်နေ့တွင် အဆိုပါ အရပ်သားများအားလုံး အသတ်ခံထားရသည်ကို တွေ့ခဲ့ကြရခြင်းဖြစ်သည်။

အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများတွင် အသက် (၁၃)နှစ်အရွယ် ဆလိုင်း လာနန်း (Salai La Nang)နှင့်  Khonumthung သတင်းဌာန တည်ထောင်သူလည်းဖြစ်ပြီး အယ်ဒီတာချုပ်လည်းဖြစ်သည့် Pu Thidim လည်းပါဝင်သွားခဲ့ခြင်းဖြစ်ပြီး အလောင်းအချို့ကို တွေ့ရသော်လည်း အချို့မှာ အသတ်ခံထားရသည်ဟု ယုံကြည်ရသည့် အထောက်အထားများတွေ့သော်လည်း အလောင်းမတွေ့ရသေးကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် CDF မတူပီတို့ကြား ဇန်နဝါရီလ (၆) ရက်နေ့ကတည်းက မတူပီ - ဟားခါးလမ်းပေါ် ဘယ်ဖက်လမ်းရှိ ကီလှုန်းရွာနှင့် လုံလှော်ရွာကြားတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနှင့်နီးစပ်သည့်နေရာများမှ အရပ်သား (၁၁)ဦးကို အာဏာသိမ်းစစ်တပ်က လူသားဒိုင်းအဖြစ်သုံးရန် ဖမ်းခေါ်သွားခဲ့ပြီး ပစ်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း CDF မတူပီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ယနေ့တွင် အဆိုပါဒေသအခြေစိုက် အာဏာသိမ်းစစ်တပ်၏ တပ်ရင်းကို မိုင်းခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။