ကိုးကန့်၊ တအာင်းဒေသနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဓာတုဗုံးများအသုံးပြုတိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံး

ကိုးကန့်၊ တအာင်းဒေသနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဓာတုဗုံးများအသုံးပြုတိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ တအာင်းဒေသနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဓာတုဗုံးများအသုံးပြုတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အပါအဝင် လေကြောင်းဗုံးကြဲခြင်းများကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ညီနောင်မဟာမိတ်တပ်များထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကိုးကန့်ဒေသအတွင်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၅၃)ဦး သေဆုံး၊ (၂၆)ဦး ဒဏ်ရာရကာ တအာင်းဒေသတွင် အရပ်သား (၆၇)ဦး သေဆုံး၊ (၁၀၀)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂၀) ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၂၇)ဦးသေဆုံးကာ၊ (၁၀၈)ဦး ဒဏ်ရာရရှိခဲ့ပြီး (၈၁)ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့်အထဲတွင် အသက်(၁၈)နှစ်အောက် (၆)ဦး၊ မွတ်ဆလင် (၁၄)ဦး ပါဝင်ပြီး လက်နက်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် ပုဏ္ဏားကျွန်းဈေးကြီးရှိ ဆိုင်ခန်း(၃၇၉)ခန်းလည်း လက်နက်ကြီးကျ၍ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကိုးကန့်ဒေသတွင် ဓာတုဗုံး(၄)ကြိမ်၊ တအာင်းဒေသတွင် ဓာတုဗုံး(၅)ကြိမ်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တရွန်အိုင်ဗျူဟာကုန်းတိုက်ပွဲတို့တွင်လည်း ဓာတုဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်၊ တအာင်းနှင့် ရခိုငိပြည်နယ်တို့၌ တိုက်ပွဲများ ဆက်ဖြစ်နေပြီး သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲအတွင်း TNLAနှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)လည်း ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ဆင်ရေးအကောင်အထည်ဖော်နေသော နေရာများရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးများ၊ တပ်စခန်းကြီး၊ ငယ်များနှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် ကျောထောက်နောက်ခံပြု ဒေါက်တိုင်များကိုပါ စစ်ဆင်ရေး၏ အဓိကပစ်မှတ်များအဖြစ် ဆက်လက်ချေမှုန်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency