သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကနေဒါနိုင်ငံ မွန်ထရီရယ်ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများ လာရောက်တွေ့ဆုံ

Photo- Lewis Lynn
Photo- Lewis Lynn
သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကနေဒါနိုင်ငံ မွန်ထရီရယ်ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများ လာရောက်တွေ့ဆုံ
By Tachileik News Agency

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့ရှိ မွန်ထရီရယ်ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ  Ms. Valerie Lafrance ဦးဆောင်သည့် နိုင်ငံရေးသိပ္ပံ ကျောင်းသား ကျောင်းသူနှင့် ဆရာ/ဆရာမ  စုစုပေါင်း (၂၉)ဦးက ၂၀၂၃ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု  နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးသို့ လာရောက်တွေ့ဆုံကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသာ စစ်တပ်​၏ မတရားအာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှု၊ စစ်တပ်က ပြည်သူများအပေါ်  လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်နေမှု၊ လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်နေမှု၊ လေကြောင်းမှ အဆင်ခြင်မဲ့ ဗုံးကြဲတိုက်ခိုက်နေမှု၊ ပြည်သူများ​၏ အသက်အိုးအိမ်များအား မီးရှို့ဖျက်ဆီးနေမှုစသည့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှုများနှင့် ပြည်သူ့တော်လှန်ရေးဆောင်ရွက်နေမှု၊ လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေမှုတို့ကို ရှင်းလင်းပြောကြားသည်ဟု သိရသည်။

မွန်ထရီရယ်ကောလိပ်မှအဖွဲ့က မြန်မာနိုင်ငံအတွက် လိုအပ်သည်များကို အကူအညီပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာသံအမတ်ကြီးနှင့် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှ Columbia University၊ Tufts University၊ Cornell University၊ ကနေဒါမှ Montmorency College တို့မှ လာရောက်တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။