အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့နယ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို ချိတ်ပိတ်၊ အရပ်သား နှစ်ဦးထက်မနည်း ဖမ်းဆီးခံရ

အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့နယ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို ချိတ်ပိတ်၊ အရပ်သား နှစ်ဦးထက်မနည်း ဖမ်းဆီးခံရ
နိုဝင်ဘာ 1, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း ကာပေါင်းကျ ကျေးရွာသား (၂) ဦးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး တန့်ဆည်မြို့ပေါ်ရှိ NLD ပါတီမှ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ နေအိမ်ကိုလည်း ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

ပြည်သူရွေးကောက်ထားသည့် အစိုးရကို ဖမ်းပြီး နိုင်ငံ့အာဏာသိမ်းထားသည့်အဖွဲ့က ရွေးကောက်ပွဲအနိုင်ရပါတီ NLD နှင့် ပါတီထောက်ခံသူများကို အကြမ်းဖက်ဟု သုံးနှုန်းစွပ်စွဲပြီး ကိုယ်စားလှယ်များနှင့် ပါတီထောက်ခံသူများကို စွပ်စွဲချက်အမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများအား ပြုလုပ်နေခြင်းဖြစ်ပြီး တန့်ဆည်မြို့ရှိ NLD ပါတီကိုယ်စားလှယ် ဦးမြင့်ဦး၏နေအိမ်ကိုလည်း ချိတ်ပိတ်ခံလိုက်ရကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ (၁၇)ရက်နေ့ကတည်းက တပ်စွဲထားသည့် ကာပေါင်းကျကျေးရွာမှ ကျေးရွာသား (၂) ဦးထက်မနည်း ယနေ့တွင် အာဏာသိမ်းစစ်တပ်နှင့်ရဲတို့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် အောက်တိုဘာလ၏ နောက်ဆုံးပတ်တွင်းက စပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင် ရွှေဘိုမြို့နယ်အတွင်းမှ လုပ်ငန်းနှင့်နေအိမ် (၂၀)ကျော်၊ ဝက်လက်မြို့တွင် လုပ်ငန်းနှင့်နေအိမ် (၅)အိမ်တို့ကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းရန် ချိတ်ပေးမှုများ လုပ်ဆောင်ထားသည်ဟု သိရသည်။