လေ့ကေ့ကော်‌ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ် အထိနာ၍ (၂)ကြိမ်တိုင်တိုင် ဆုတ်ခွာထွက်ပြေးရပြီး တိုက်ပွဲအတွင်း (၂)ဦး သေဆုံးသွား

Photo: Cobra Column
Photo: Cobra Column
လေ့ကေ့ကော်‌ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ် အထိနာ၍ (၂)ကြိမ်တိုင်တိုင် ဆုတ်ခွာထွက်ပြေးရပြီး တိုက်ပွဲအတွင်း (၂)ဦး သေဆုံးသွား
ဇူလိုင် 1, 2022 | အခြားဒေသများ

ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)၊ လေ့ကေ့ကော်‌ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့  စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ကော်ဘရာစစ်သည်တော်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်က အထိနာ၍ (၂)ကြိမ်တိုင်တိုင် ဆုတ်ခွာ ထွက်ပြေးခဲ့ကြပြီး တိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးမှုရှိကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းက ၂၀၂၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့ ည(၆)နာရီခွဲအချိန်က ၄၀မမ၊ ၈၁ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစားချိန် ကော်ဘရာစစ်သည်တော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဘက်က ည(၁၀)နာရီခွဲဝန်းကျင်တွင် ဆုတ်ခွဲထွက်ပြေးသွားကြောင်းသိရသည်။

"ည (၁၁) နာရီ ခန့်တွင် ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့ရာ ကော်ဘရာစစ်သည်များနှင့် ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဆုတ်ခွာ ထွက်ပြေးကြရပါသည်။ ထို့နောက် ည (၁း၀၀) အချိန်တွင် (၁၂၀) မမ လက်နက်ကြီးဖြင့် ရွှေညောင်ပင် ကြက်ကင်ကုန်းမှ ထပ်မံ ပစ်ခတ်ခဲ့ရာ ကော်ဘရာစစ်သည်တော် (၁) ဦး ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး စစ်သည် (၂) ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပါသည်။"ဟု Cobra Column က ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိသွားကြောင်း နှင့် တိုက်ပွဲအပြီး ကော်ဘရာစစ်သည်တော်များက နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ (၆၀) မမ ဗုံးသီး (၄)လုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့် (၁) ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။