အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် လွိုင်ကော်တွင် အရပ်သား (၆)ဦးသေပြီး ဒီးမော့ဆိုတွင် နေအိမ် (၁၈)လုံးမီးလောင် ဆုံးရှုံး

အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် လွိုင်ကော်တွင် အရပ်သား (၆)ဦးသေပြီး ဒီးမော့ဆိုတွင် နေအိမ် (၁၈)လုံးမီးလောင် ဆုံးရှုံး
ဇန်နဝါရီ 7, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ တစ်နေ့တာအတွင်း လွိုင်ကော်၌ အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်တွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦးသေဆုံးပြီး ဒီးမော့ဆိုတွင် လူနေအိမ် (၁၈)လုံး မီးလောင်ဆုံးရှုံးသွားသည်။  

 

လွိုင်ကော်မြို့ ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်အတွင်း ယနေ့ နံနက်အစောပိုင်းမှစ၍ ညပိုင်းအထိ တိုက်ပွဲများပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်တွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား (၆)ဦး သေဆုံးကာ  KNDF မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ရသည်။

လွိုင်ကော်တိုက်ပွဲတွင်း အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှ (၄) ဦးသေပြီး အများအပြား ဒဏ်ရာရဖွယ်ရှိသည်ဟု သိရသည်။



 

ယနေ့မှာပင် အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်း (၅) မိုင်၊ (၆) မိုင် နှင့် ‌ဒေါပိုးစီတို့တွင် နေအိမ် စုစုပေါင်း (၁၈ ) လုံးကို  မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျှက်ရှိသဖြင့် ရပ်ကွက်တွင်း ပိတ်မိနေသည့် ပြည်သူများ စစ်ဘေးရှောင်နိုင်ရေးကို ဒေသကာကွယ်ရေးအဖွဲ့များက ကူညီပေးနေသည်ကိုလည်း တွေ့ရသည်။

လွိုင်ကော်တွင် ကျန်နေသည့်ပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေးအတွက် စစ်ဘေးရှောင်နိုင်ရေးပြင်ဆင်ကြရန်ကိုလည်း KNDF သတိပေးနှိုးဆော်ထားသည်ကိုတွေ့ရပြီး  အာဏာသိမ်းစစ်တပ်က ကရင်နီ(ကယား)ပြည်နယ်တွင်း နေရာအနှံ့အပြား အင်အားဖြင့် ထိုးစစ်ဆင်နေ၍ ပြည်သူအများအပြား စစ်ဘေးရှောင်အများအပြားမှာ အကူအညီများစွာ လိုအပ်နေကြသည်။