လွိုင်ကော်မြို့ အခြေစိုက် အမြောက်တပ်မှ တပ်သား ၃ ဦး အလင်းဝင်

လွိုင်ကော်မြို့ အခြေစိုက် အမြောက်တပ်မှ တပ်သား ၃ ဦး အလင်းဝင်
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် အမြောက်တပ်(အမတ-၅၃၀)မှ တပ်သား(၃)ဦး လက်နက်ခဲယမ်းများနှင့်အတူ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့က PEKHON PDF-2 (B-1006)ထံ အလင်းဝင်လာကြောင်း သိရသည်။

လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဖယ်ခုံ-မိုးဗြဲ ဝန်းကျင်တွင် မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်နေရာ အသက်မသေလို၍ ယမန်နေ့က ပြည်သူဘက်သို့ ကူးပြောင်းအလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့(၃)ဦးကို ဗိုလ်တထောင်တပ်ခွဲက ဆုငွေပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဆိုသည်။

အလင်းဝင်လာသူများမှာ တပ်သား မင်းသူအောင်၊ အောင်သူဟိန်း၊ ခင်မောင်ရင်တို့ဖြစ်ပြီး MA-1 (၂)လက်၊ MA-4 (၁)လက်နှင့် ခဲယမ်းများပါလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်းကလည်း PEKHON PDF-2 (B-1006)ထံ စစ်ကောင်စီတပ်သား (၃)ဦးနှင့် နိုဝင်ဘာလ (၇)ရက်နေ့က တစ်ဦး ထပ်မံအလင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ ၁၀၀၆ တပ်ရင်းအနေဖြင့် ပြည်သူဘက် ကူးပြောင်းအလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်ရင်းသို့ ဘက်ပြောင်းခိုလှုံလာပါက အသက်အန္တရာယ် မဖြစ်စေဘဲ လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency