ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ရက်ပေါင်း (၁၅၃)ရက်အတွင်း သေဆုံး ပြည်သူ (၁၂၂)ဦး ရှိနေ

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ရက်ပေါင်း (၁၅၃)ရက်အတွင်း သေဆုံး ပြည်သူ (၁၂၂)ဦး ရှိနေ
အောက်တိုဘာ 11, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ရက်ပေါင်း (၂၅၃)ရက်အတွင်း သေဆုံးပြည်သူမှာ စုစုပေါင်း (၁၂၂)ဦးအထိ ရှိနေကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အောက်တိုဘာလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့ အောက်တိုဘာလ(၁၁)ရက်နေ့အထိ  သေဆုံးခဲ့ရသည့် ပြည်သူ (၁၂၂)ဦးမှာ သပိတ်စစ်ကြောင်းအတွင်း သေဆုံးသူ (၂)ဦး၊ စစ်တပ်မှ အရပ်သားပြည်သူများအား ပစ်ခတ်မှုကြောင့် သေဆုံးသူ (၈၃)ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ (၁၀)ဦး နှင့် အာဏာသိမ်းစစ်တပ်နှင့် KNDF ပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသူ (၂၈)ဦး တို့ ပါဝင်သည်။ 

မြို့နယ်များအနေဖြင့် ဒီးမော့ဆိုတွင် (၈၃)ဦး၊ လွိုင်ကော်တွင် (၂၁)ဦး၊ ဘောလခဲတွင် (၂)ဦး၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံတွင် (၁၀)ဦး နှင့် မိုးဗြဲတွင် (၅)ဦးတို့ ဖြစ်ပြီး သေဆုံးသူများတွင် အမျိုးသား (၁၀၆)ဦး နှင့် အမျိုးသမီး(၁၁)ဦးအပြင် ကလေးငယ် (၅)ဦးတို့ ပါဝင်သည်။ 

အာဏာသိမ်းစစ်တပ်သည်  ကယား(ကရင်နီ)ပြည်နယ်အတွင်း လက်နက်အင်အား စစ်သည်အင်အား အများအပြားဖြည့်တင်းပြီး စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နေသည့်အတွက် ကျေးရွာများနေ ဒေသခံများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။