တာချီလိတ်မြို့တွင် သံပုံးတီးမှုဖြင့် ဖမ်းခံရသည့် အမျိုးသမီး ထောင်တွင်းမှ ကျန်းမာရေးထိခိုက်ခဲ့သည့်ဒဏ်ဖြင့် ပြန်လွတ်လာပြီး နှစ်လဝန်းကျင် အကြာတွင် သေဆုံး

တာချီလိတ်မြို့တွင် သံပုံးတီးမှုဖြင့် ဖမ်းခံရသည့် အမျိုးသမီး ထောင်တွင်းမှ ကျန်းမာရေးထိခိုက်ခဲ့သည့်ဒဏ်ဖြင့် ပြန်လွတ်လာပြီး နှစ်လဝန်းကျင် အကြာတွင် သေဆုံး
ဇန်နဝါရီ 1, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သံပုံးတီး၍ဟုဆိုကာ အခန်းနီးချင်း ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူက သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး ထောင်တွင်း (၅)လကျော်နေထိုင်ခဲ့ရစဉ်က ကျန်းမာရေးထိခိုက်မှုကြောင့် ပြန်လည်လွတ်မြောက်ပြီး (၂)လဝန်းကျင်အကြာတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အပြင်မှာနေတုန်းက သန်သန်မာမာပဲ။  ဖမ်းခံရပြီးတဲ့နောက် ကျိုင်းတုံထောင်ထဲမှာ နေမကောင်းဖြစ်တော့ တီဘီရောဂါ ဖြစ်တယ်ဆိုပြီး  တီဘီဆေးတိုက်တယ်။ အဲဒီမှာကတည်းက အားနည်းနေတာတဲ့။ နောက်ပြီး ထောင်ထဲမှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးတယ်တဲ့။ ပထမတစ်ခေါက် ကာကွယ်ဆေးထိုးတုန်းကတော့ ဘာမှမဖြစ်သေးဘူး။ ဒုတိယအကြိမ်ထိုးပြီးတဲ့အချိန်မှာတော့ လုံးဝကိုဒေါင်းသွားတယ်။ လွတ်လာပြီးကတည်းက အိပ်ယာထဲလဲသွားတာ နောက်ဆုံးအချိန်ထိပဲ

ဟု ကွယ်လွန်သွားသည့် မနန်းစံနွန်းနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ရှိ အိမ်ခန်းငှားတွင် နေထိုင်သည့် မနန်းစံနွန်းက ညတိုင်းသံပုံးတီးသည်ဟုဆိုကာ အခန်းနီးချင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ရဲကိုတိုင်ကြားခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်  မေလ(၉)ရက်နေ့ ည(၈)နာရီကျော်တွင် အဆိုပါ နေအိမ်ခန်း၌ အာဏာသိမ်းအဖွဲ့၏ရဲက ဝင်ရောက်ဖမ်းဆီးခဲ့ရာ မနန်းစံနွန်းအပြင် အခြားအိမ်ခန်းတစ်ခုမှ ကိုနေထူးလွင်ကိုပါ ဖမ်းဆီးသွားခဲ့ကြခြင်းဖြစ်သည်။

သံပုံးတီးမှုဖြင့် ဖမ်းဆီးခံရသည့် ကိုနေထူးလွင်နှင့် မနန်းစံနွန်းတို့ကို အာဏာသိမ်းအဖွဲ့က  ပုဒ်မ  ၅၀၅-က ဖြင့် အမှုဖွင့်ကာ ကျိုင်းတုံထောင်သို့ပို့၍ ထောင်တွင်းတရားရုံးဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အောက်တိုဘာလ (၁၉) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် အဆိုပါ (၂) ဦးလုံး လွတ်မြောက်လာခဲ့သော်လည်း မနန်းစံနွန်းမှာ (၅)လကျော် ထိန်းသိမ်းခံရစဉ်အတွင်း ကျန်းမာရေးထိခိုက်ခဲ့မှုဖြင့်ပင် အိပ်ယာထဲလဲနေခဲ့ကာ နှစ်လအကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စဖမ်းတုန်းက ကျန်းမာတယ်။ ဘာမှမဖြစ်ဘူး။ ထောင်ထဲမှာ တီဘီဖြစ်တယ်ဆိုပြီး တီဘီဆေးတိုက်ပေမဲ့ ပြန်လွတ်လာပြီး ကျန်းမာရေးပြန်စစ်တော့ တီဘီလည်းမဖြစ်ဘူး။ အဆုတ်လည်းကောင်းတယ်လို့ ဆေးစစ်ချက်အဖြေရတယ်။ လူကအားနည်းတာနဲ့ စိတ်ဓါတ်ကျပြီးတော့ မထူထောင်နိုင်တော့တာမျိုး ဖြစ်သွားတာ။ လွတ်လာပြီးကတည်းက သန်သန်မာမာမရှိတော့ဘူး။ အိမ်ယာထဲ လဲသွားတာ နောက်ဆုံးအချိန်အထိပဲ

ဟု မနန်းစံနွန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အသက် (၄၄)နှစ်အရွယ် မနန်းစံနွန်းသည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီ (၃၅)မိနစ်အချိန်က နေအိမ်တွင် ကွယ်လွန်သွားသည့် နေ့လည်(၁)နာရီအချိန်က မြို့မသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် သံပုံးတီး၍ဟုဆိုကာ ဖုန်းဆက်တိုင်ကြား၍ (၂)ဦး ဖမ်းခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ