တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသည့် အချုပ်သား(၂)ဦး အပါအဝင် (၁၆)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသည့် အချုပ်သား(၂)ဦး အပါအဝင် (၁၆)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 7, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဆေးရုံကြီးနှင့်ဆေးရုံဟောင်းအတွင်း ယနေ့ ဩဂုတ်လ(၇)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ အချုပ်သား(၂)ဦး အပါအဝင် (၁၆)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ (၁၆)ဦးတွင် တစ်ဦးမှာ သေဆုံးပြီး ကျန် (၁၅)ဦးကို ဆေးရုံ နှင့် Covid-19 စောင့်ကြည့်ကုသရေးစင်တာတို့တွင် ထားရှိကြောင်း သိရသည်။

သေဆုံးသူမှာ ယနေ့ နံနက်ပိုင်းက ဆေးရုံတွင် သေဆုံးသွားသည် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

ပို့တွေ့သူများတွင် အချုပ်သား(အမျိုးသား)(၂)ဦး၊ ဆေးရုံကြီးမှ ကိုယ်ဝန်ဆောင်(၁)ဦး၊  အခြား လူနာစောင့်(၂)ဦးတို့ ပါဝင်ပြီး ပိုးတွေ့လူနာများတွင် အသက်အကြီးဆုံး အနေဖြင့် (၆၀)နှစ်အထက် (၃)ဦး ပါဝင်ကြောင်း ကျန်းမာရေးမှ သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၉၀)ဦး အထိရှိပြီး အားလုံးမှာ ပိုးကူးစက်ခံထားရကြောင်း သိရသည့် နေ့ကစ၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပါက အရေးပေါ်ကုသဆဲ လူနာမှလွဲ၍ နေအိမ်ပြန်ခွင့်ပြုပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဆေးရုံနှင့် Covid-19 စောင့်ကြည့်ကုသဆောင်များမှတဆင့်နေအိမ်ပြန်ခွင့်ရရှိသူမှာ (၈၀၀)ကျော်သာရှိသေးပြီး ပိုးကူးစက်ခံရသူများထဲက ရောဂါအခံကြောင့် သေဆုံးသူမှာ အသက်(၃၃)နှစ်မှ အသက်(၇၀)ကျော်အရွယ်အထိ အမျိုးသား(၁၁)ဦး နှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၈)ဦး ရှိကြောင်း သိရသည်။