တာချီလိတ်မြို့တွင် သံပုံးတီး၍ဟုဆိုကာ ဖုန်းဆက်တိုင်ကြား၍ (၂)ဦး ဖမ်းခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ

တာချီလိတ်မြို့တွင် သံပုံးတီး၍ဟုဆိုကာ ဖုန်းဆက်တိုင်ကြား၍ (၂)ဦး ဖမ်းခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ
မေ 10, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးအနောက်ဘက်ရှိ နေအိမ်အခန်းငှားတွင် ညစဉ် သံပုံးတီးသည်ဟု ဆိုကာ နေအိမ်လိုင်းခန်းမှ နေသူတစ်ဦးက ရဲကို တိုင်ကြားသည့်အတွက် အမျိုးသားနှင့် အမျိုးသမီး(၂)ဦးကို  မေလ(၉)ရက်နေ့ ည(၈)နာရီကျော်က ရဲကား (၄)စီးဖြင့် လာဖမ်းသွားပြီး ပုဒ်မ  ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

"နှစ်ယောက်ကို ဖမ်းသွားတာ။ ဒလန် သတင်းပေးလို့။ ရဲစခန်းရောက်တော့ ဒါကို ခရိုင်အထိ တိုင်တယ်လို့ ပြောတယ်။ ညတိုင်း သံပုံးတီးလို့ ဆိုပြီး တိုင်တာ။ အဲ့ဒီအိမ်ဝိုင်းထဲကပဲ။ သိရသလောက်တော့ အဲ့ဒီတိုင်တဲ့ လူတွေက ဘယ်သူနဲ့မှ မတည့်ဘူး။"ဟု အိမ်ခန်းငှားအနီးတွင် နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ရှိ အိမ်ခန်းငှားတွင်ဖြစ်ပြီး အိမ်ခန်းငှား (၁၀)ခန်းရှိရာတွင် ယင်းအိမ်ခန်းငှားထဲမှ ကိုနေထူးလွင် နှင့် မနန်းစံနွန်း တို့ အတိုင်ခံရခြင်းဖြစ်သည်။

 

လက်ရှိအချိန် မိသားစုနှင့်လည်း ဆက်သွယ်ခွင့်မပေးသေးကြောင်း သိရသည်။

တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့က ကား(၄)စီးဖြင့် ညတွင်းချင်း လာရောက်၍ ဖမ်းဆီးခြင်းဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။