တာချီလိတ်မြို့တွင်း CCTV ကင်မရာများ တပ်ဆင်နိုင်ရန် ပြည်နယ်အဆင့်မှ တင်ဒါခေါ်မည်

တာချီလိတ်မြို့တွင်း CCTV ကင်မရာများ တပ်ဆင်နိုင်ရန် ပြည်နယ်အဆင့်မှ တင်ဒါခေါ်မည်
ဇန်နဝါရီ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း CCTV ကင်မရာများ တပ်ဆင်နိုင်ရန် ပြည်နယ်အဆင့်မှ တင်ဒါခေါ်မည်

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင်း လုံခြုံရေးအတွက်  ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း (၁၀၉.၉၀၇) ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် CCTV ကင်မရာ တပ်ဆင်ရန်ဖြစ်သော်လည်း မည်သည့်ဌာနက တင်ဒါခေါ်ယူမည်ကို မသိရှိရသေးကြောင်း သိရသည်။

"ရှမ်းပြည်နယ် အစိုးရအဖွဲ့က တင်ဒါခေါ်မှာ။ ပြည်နယ်ထွေအုပ်က ခေါ်မှာလား၊ စည်ပင်က ခေါ်မှာလား မသိသေးဘူး။ တင်ဒါဆွဲချင်တဲ့သူတွေက လာပြီးတော့ လေ့လာတာတော့ ရှိတယ်။ လမ်းတွေ၊ မီးပွိုင့်တွေ၊ တံတားတွေက ဘယ်လိုရှိတယ်။ ဒါတွေလွှမ်းခြုံဖို့ ဘယ်လိုတပ်ချင်တယ် ဒါတွေကိုပြောပြပေးတာပဲ ရှိတာ" ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မြို့တွင်းလမ်းမကြီးပေါ် မီးပွိုင့်၌ နေ့ခင်းအချိန် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း အပါအဝင် မှုခင်းများဖြစ်ပွားခဲ့မှုကို ဖေါ်ထုတ်ရာတွင် လက်ရှိတပ်ဆင်ထားသည့် CCTV များမှာ အလုပ်မလုပ်တော့သဖြင့် မြို့တွင်းလုံခြုံရေး CCTV ကင်မရာများတပ်ဆင်ရန် အလှူရှင်များ လှူဒါန်းငွေဖြင့် လုပ်ဆောင်နေရာမှ ပြည်နယ်အစိုးရက ဘတ်ဂျက်ချထားပေးလာခြင်း ဖြစ်သည်။

“ဒီဘတ်ဂျက်မှာ CCTV တပ်ဖို့ ကျလာတာပေါ့။ ကျွန်တော်တို့မြို့အတွက် ဒီဘတ်ဂျက်နဲ့ လုံလောက်လား၊ မလုံလောက်လား မသိသေးဘူး။ နောက်မလုံလောက်ဘူးဆိုရင် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်မှာ ထပ်တိုးတောင်းဖို့ပေါ့"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလှူရှင်များက ခရိုင်စီမံခန့်ခွဲရေးကော်မတီသို့ လှူဒါန်းသည့် ရန်ပုံငွေဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် နေရာ (၆) နေရာတွင် CCTV များတပ်ဆင်ထားသော်လည်း စောင့်ကြည့်ရမည့် Control Center ချိတ်ဆက် နိုင်ခြင်းမရှိသေးဘဲ မြို့တွင်းတစ်ခုလုံး လုံခြုံရေးအတွက် လုံလောက်သည့် ကင်မရာအရေအတွက် တပ်ဆင်ထားနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

"အရင်တပ်ထားတဲ့ CCTV တွေက ကျွန်တော်တို့ အဆင်မပြေဘူး။ အမှန်က CCTV တွေတပ်ပြီဆိုရင် Control Center တစ်ခုထားရမယ်။ အဲဒီလိုတပ်မယ်ဆို ဘယ်ဌာနက ကိုင်တွယ်မလဲ ဘယ်ဌာနလက်အောက်မှာ ထားမလဲဆိုတာ ကျွန်တော်တို့ မေးရမှာပေါ့" ဟု ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာရေး စိစစ်ရေးကော်မတီ ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း CCTV များ ကိုယ်ထူကိုယ်ထ တပ်ဆင်ရန် မြို့မီးလင်းရေးကော်မတီက ကျပ်သိန်း (၂၀၀)နှင့် Eastern Eagle MC အဖွဲ့မှ ကျပ်သိန်း (၄၀) လှူဒါန်းထားကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် မြို့တွင်းအချက်အချာနေရာများအား CCTV ကင်မရာများ တပ်ဆင်ထားပြီး Control Center မှ စောင့်ကြည့်သည့်စနစ်ကို စတင်အကောင်အထည်ဖေါ်နေပြီးနောက် ခရိုင်မြို့များတွင် ဆက်လက်ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~