တာချီလိတ်မြို့မရဲစခန်းအတွင်း အချုပ်သားအချို့ ဖျားနာနေပြီး Covid-19 ကူးစက်မှုများ ရှိနေ

တာချီလိတ်မြို့မရဲစခန်းအတွင်း အချုပ်သားအချို့ ဖျားနာနေပြီး Covid-19 ကူးစက်မှုများ ရှိနေ
ဖေဖော်ဝါရီ 28, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြို့မရဲစခန်းတွင် အချုပ်သားများထဲက တော်တော်များများ ဖျားနာမှုများ ဖြစ်ပေါ်နေသလို Covid-19 အိုမီခရွန်ဖြစ်ကူးစက်မှုများ ရှိနေသော်လည်း ကျန်းမာရေးစစ်ဆေးမှုများ မပြုလုပ်သလို စခန်းရဲ အချို့လည်း ဖျားနာမှုများဖြစ်နေကြောင်း သိရသည်။

အချုပ်ထဲမှာ အချုပ်သား အကုန်လုံးတော့ မဟုတ်ပေမဲ့ တော်တော်များများ ဖျားနာတာမျိုး ရှိနေတယ်။ စခန်းရဲတစ်ချို့လည်း ဖျားနာမှုတွေရှိနေတယ်။ အထက်က မေးလာရင်တော့ မဟုတ်ဘူးလို့ ထုံးစံအတိုင်း လိမ်ကြဦးမှာပဲ။ အခုလို အခြေအနေမှာ အချုပ်တစ်ခုလုံး စစ်လိုက်ရင် အနည်းဆုံး (၁၅)ဦးအထက် တွေ့ရနိုင်တယ်

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ပြောသည်။ 

တာချီလိတ်မြို့မရဲစခန်းမှ အမိန့်ချပြီးသည့် အချုပ်သားများကို ကျိုင်းတုံထောင်သို့ ပို့ဆောင်ရာတွင်လည်း Covid-19 ပိုးတွေ့ရှိမှုများ ရှိနေကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းအတွင်း Covid-19 ကူးစက်မှုများရှိနေမှုကို သတင်းဖုံးထားသည့်အပြင် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပေးခြင်း မရှိဟု သိရသည်။

တာချီလိတ်မြို့အနေဖြင့်  ဆေးရုံဟောင်းအပါအဝင် နေရာများတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့၏ တရားဝင် စစ်ဆေးချက်များအရ Covid-19 ပိုးတွေ့သူ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၁)ဦး တွေ့ထားပြီး တာချီလိတ်မြို့တွင် Covid-19 ပိုးကူးစက်ခံရသူ များလာသည့်တွက် စံလင်းဖြိုး ကိုဗစ် စင်တာအပြင် အားကစားရုံ ကိုဗစ်စင်တာကိုလည်း ပြန်လည်ဖွင့်လှစ်ထားရပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency