တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၃၀)အနက် လာမအပ်သည့် ကျောင်း (၂၉)ကျောင်းရှိပြီး တစ်ဦးစီလာအပ်သည့်ကျောင်း (၂)ကျောင်းရှိကာ ကျောင်းလာ မအပ်သူ (၂၀,၀၀၀)ကျော်ရှိနေ

တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၃၀)အနက် လာမအပ်သည့် ကျောင်း (၂၉)ကျောင်းရှိပြီး တစ်ဦးစီလာအပ်သည့်ကျောင်း (၂)ကျောင်းရှိကာ ကျောင်းလာ မအပ်သူ (၂၀,၀၀၀)ကျော်ရှိနေ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ထားသည့် မေလ(၂၄)ရက်နေ့မှ မေလ(၃၁)ရက်နေ့အတွင်း တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၁၃၀)အနက် (၁၀၁)ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၅,၃၂၅)ဦးသာ လာရောက် အပ်နှံသော်လည်း ကျောင်းလာမအပ်သည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်းမှာ (၂၀,၀၀၀)ကျော်ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း   ပြီးခဲ့သော ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ စုစုပေါင်း (၂၆,၀၀၀)ကျော်ရှိရာ ယခုအခါမှာ ကျောင်းလာရောက် မအပ်သည့် ကျောင်းသားကျောင်းသူ (၂၀,၀၀၀)ကျော်ရှိနေပြီး ကျောင်းလာအပ်သူမှာ (၅,၀၀၀)ကျော်သာ ရှိနေခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့မှ အခြေခံပညာကျောင်း စုစုပေါင်း (၁၃၀)အနက် ကျောင်းလာရောက်အပ်နှံမှု မရှိသည့် ကျောင်းမှာ (၂၉)ကျောင်းရှိနေပြီး၊ ကျောင်းသား (၁)ဦးစီသာ လာရောက်အပ်နှံသည့် ကျောင်းမှာ (၂)ကျောင်းရှိကြောင်း သိရသည်။



ကျောင်းသားအများဆုံးအဖြစ် (၃,၀၀၀)မှ (၄,၀၀၀)ဝန်းကျင်အထိ ရှိသည့် အထက(တာချီလိတ်)တွင် ကျောင်းလာရောက်အပ်နှံသူမှာ (၃၀၄)ဦး၊ ဒုတိယအများဆုံးရှိထားသည့် အထက(ဆန်ဆိုင်း)တွင် (၁၂၈)ဦး၊ အထက(ဟောင်လိတ်)တွင် (၁၇၁)ဦး နှင့် စစ်တပ်နယ်မြေဖြစ်သည့် အထက(တာလေ)တွင် (၅၀၁)ဦးတို့ လာရောက်အပ်နှံကြရာ တာချီလိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၁၃၀)ထဲတွင် ကျောင်းလာရောက်အပ်နှံမှုအများဆုံးမှာ အထက(တာလေ)ကျောင်း တစ်ကျောင်းတည်းတာဖြစ်သည်ကို တာချီလိတ်မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများအနက်  (၂၇၆)ဦးသည် လုပ်ငန်းတာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရသည်။

#TachileikNewsAgency