တောင်ကြီးအခြေစိုက် သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

တောင်ကြီးအခြေစိုက် သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ
ဒီဇင်ဘာ 30, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဒေါ်မြဝန်းရံကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်တွင် အာဏာသိမ်းအဖွဲ့က  ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

 

ဒေါ်မြဝန်းရံကို  ဇူလိုင်လ (၂၀) ရက်နေ့က တောင်ကြီးမြို့နေအိမ်မှ ဖမ်းသွားပြီး ညောင်ရွှေ (တောင်လေးလုံး)အကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ   တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် မိသားစုဝင် စိုင်းစည်သူတို့ကိုလည်း ညောင်ရွှေ(တောင်လေးလုံး)အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုပြီး လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်  ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့သည့်အပြင် အယ်ဒီတာချုပ် ဇေတိုင်းကိုလည်း ပုဒ်မ ၅၀၅ -ကဖြင့် အမှုဖွင့်ထား၍ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက်သတင်းဌာနဖြစ်သည့် ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင်ကိုလည်း အာဏာသိမ်းအဖွဲ့က လားရှိုးထောင်တွင် ထိန်းသိမ်းထားကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့်အပြင် သတင်းဌာနရုံးခန်းနေရာကို (၂)ကြိမ်တိုင်တိုင် ချိုးဖျက်ဝင်ရောက်ရှာဖွေခံထားရခြင်းဖြစ်သည်။

 

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency)ကိုလည်း အာဏာသိမ်းအဖွဲ့က ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းကာ ရုံးခန်းနေရာအား ဝင်ရောက်ရှာဖွေခြင်း၊ ဓါတ်ပုံသတင်းထောက်ဟောင်းကို ဖမ်းဆီး၍ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခဲ့သည့်အပြင် သတင်းဌာနတည်ထောင်သူ သတင်းသမားနှစ်ဦး အပါအဝင် သတင်းသမားများနှင့် သတင်းဌာနကိုလည်း ပုဒ်မများစွာဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

တာချီလိတ်အခြေစိုက်သတင်းဌာနများဖြစ်သည့် မဲခေါင်သတင်းဌာန အယ်ဒီတာချုပ်ကိုလည်း ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားပြီး ရုံခန်းနေရာဝင်ရောက်ရှာဖွေခြင်းပြုလုပ်သည့်အပြင် Eastern Future News Agency တည်ထောင်သူကိုလည်း ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် သတင်းသမား ရာနှင့်ချီ၍ဖမ်းဆီးကာ သတင်းသမားများကို တရားစွဲဆိုပြီး ဖမ်းဆီးရန်ကြိုးစားနေသဖြင့် တစ်ကမ္ဘာလုံးတွင် မြန်မာသည် တရုတ်နိုင်ငံပြီးလျှင် သတင်းထောက်များ အဖမ်းဆီးခံရဆုံးနိုင်ငံဖြစ်လာကြောင်း  ကမ္ဘာ့ သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ၏ စာရင်းများအရ သိရသည်။

#TachileikNewsAgency