မိုင်းကိုင်မြို့နယ်အတွင်း အမည်မသိအဖွဲ့၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ (၄)ဦး ထိမှန်ကာ တစ်ဦး ဆေးရုံတွင် သေဆုံး

 မိုင်းကိုင်မြို့နယ်အတွင်း အမည်မသိအဖွဲ့၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ (၄)ဦး ထိမှန်ကာ တစ်ဦး ဆေးရုံတွင် သေဆုံး
အောက်တိုဘာ 5, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုအတွင်း ကုံးပေါင်းကျေးရွာတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ ညနေပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း ဒဏ်ရာရရှိသည့်အတွက် မိုင်းကိုင်မြို့ သံဃာ့သြဝါဒခံနာရေးကူညီမှုအသင်းက ကားဖြင့် မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၄)ဦးအနက် အသက်(၃၀)အရွယ်ရှိ အမျိုးသားမှာ ဒဏ်ရာပြင်းထန်သည့်အတွက် အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ဆေးရုံမှာပင် ကွယ်လွန်သွားကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း ကျေးရွာများမှ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူ အများအပြားရှိနေကြောင်းလည်း သိရသည်။

 

Photo: မိုင်းကိုင်မြို့ သံဃာ့သြဝါဒခံ နာရေးကူညီမှုအသင်း