ရှမ်းပြည်နယ်စည်ပင်က တပ်မတော်နေ့ အထိမ်းအမှတ် လမ်းသစ်များဖွင့်ပွဲ ပြုလုပ်ခိုင်းထားပြီး လမ်းဖွင့်ပွဲပြုလုပ်မည့် စာရင်းများကို တောင်းခံထား

ရှမ်းပြည်နယ်စည်ပင်က တပ်မတော်နေ့ အထိမ်းအမှတ် လမ်းသစ်များဖွင့်ပွဲ ပြုလုပ်ခိုင်းထားပြီး လမ်းဖွင့်ပွဲပြုလုပ်မည့် စာရင်းများကို တောင်းခံထား
မတ် 22, 2022 | ရှမ်းတောင်

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသည့် အနေဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက လမ်းဖွင့်ပွဲများ ပြုလုပ်ခိုင်းထားပြီး လမ်းဖွင့်ပွဲ ပြုလုပ်နိုင်မည့် လမ်းစာရင်းများကို တင်ပြကြရန် ပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းကိုယ်စား ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းက မတ်လ(၂၀)ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း သိရသည်။

တပ်မတော်နေ့ အကြိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းဖွင့်ပွဲလုပ်လို့ရမဲ့ လမ်းတွေကို ဖွင့်ပွဲလုပ်ခိုင်းတယ်။ ဖွင့်ပွဲ ပြုလုပ်နိုင်မဲ့ လမ်းစာရင်းတွေကို တင်ပြလာဖို့ ညွှန်ကြားစာဝင်ထားတယ် ညွှန်ကြားစာက (၂၀)ရက်နေ့က ဝင်ပြီး နောက်ဆုံးအကြောင်းပြန်ရမဲ့ ရက်ကို (၂၁)ရက်နေ့ သတ်မှတ်ပေးတယ်။ လုပ်လိုက်ရင်လည်း အဲ့လိုတွေ ချက်ချင်းပဲ

ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ စည်ပင်သာယာရေးဌာနမှ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တပ်မတော်နေ့ အထိမ်းအမှတ် လမ်းဖွင့်ပွဲပြုလုပ်ရန် ပြည်နယ်စည်ပင် ညွှန်ကြားရေးမှူးက မတ်လ(၁၉)ရက်နေ့က ညွှန်ကြားခြင်းဖြစ်ရာ  ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းက မတ်လ(၂၀)ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ညွှန်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် စစ်အစိုးရလက်ထက်များတွင် ဖဲကြိုးဖြတ် လမ်းဖွင့်ပွဲများကို ရှမ်းပြည်နယ်အတွင်း၌ ပြုလုပ်ခဲ့သည့် အစဉ်အလာများရှိခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက လမ်းဖွင့်ပွဲပြုလုပ်ခြင်းသည် အပိုငွေကုန်ပြီး လမ်းဖွင့်ပွဲအတွက် ကုန်မည့် ကုန်ကျငွေများကို အခြားနေရာများတွင် အသုံးပြုသင့်ကြောင်း ပြောဆိုထားသည့်အတွက် လမ်းဖွင့်ပွဲများကို ပြည်နယ်တွင်း တော်တော်များများတွင် ပြုလုပ်ခြင်းမရှိသော်လည်း ယခု အာဏာသိမ်း စစ်တပ်အုပ်ချုပ်သည့် ကာလအတွင်း စစ်တပ်မှအသွင်ပြောင်းထားသည့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တပ်မတော်နေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြုသည့် အနေဖြင့် လမ်းဖွင့်ပွဲပြုလုပ်ရန် ညွှန်ကြားခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်စည်ပင်ဝန်ထမ်းများထံက သိရသည်။