ရှမ်း - ကရင်နီနယ်စစ် ဆီမီးလော့ရွာအောက်ဘက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်စခန်းမှ တပ်သားများ မိုင်းထောင်ခဲ့ပြီး စခန်း စွန့်ခွာသွား

ရှမ်း - ကရင်နီနယ်စစ် ဆီမီးလော့ရွာအောက်ဘက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်စခန်းမှ တပ်သားများ မိုင်းထောင်ခဲ့ပြီး စခန်း စွန့်ခွာသွား

 ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း ဆီးမီးလော့ရွာအောက်ဘက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ယနေ့မေလ (၂၄)ရက်နေ့ နံနက်ပိုင်းက သွားရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်များ စခန်းတွင်း မိုင်းထောင်ခဲ့ပြီး  ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ နေရာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မိုင်းထောင်ထားခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖယ်ရှားကာ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း Karenni Nationalities Defence Force - KNDF - Pekhon Zone က သတင်းထုတ်ပြန်ထားရှိသည်။ 

စခန်းနယ်မြေရှင်းလင်းစဥ်တွင် စစ်ကောင်စီ၏ (၄၂၂)တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

မေလ(၁၅)ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့အရှေ့ဖက်ကမ်းဒေသသို့ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ နေ့စဥ်ဖြစ်နေကြောင်း သိရသည်။

(၁၀)ရက်ကြာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ (၃၀)ဦးထက် မနည်းသေပြီး KNDF B 03 မှ ရဲဘော်တစ်ဦးနှင့် ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော်တချို့လည်း ကျဆုံးခဲ့ရကြောင်း သိရသည်။