လက်နက်ကိုင် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကာဒီနယ် ချားလ်စ်ဘို တိုက်တွန်း

ပုံအညွှန်း -  ရန်ကုန်မြို့တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့က  ကာဒီနယ် ချားလ်စ်ဘိုအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကျပ်သိန်း(၂၀၀) လှူဒါန်းစဉ်
ပုံအညွှန်း - ရန်ကုန်မြို့တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့က ကာဒီနယ် ချားလ်စ်ဘိုအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကျပ်သိန်း(၂၀၀) လှူဒါန်းစဉ်
လက်နက်ကိုင် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကာဒီနယ် ချားလ်စ်ဘို တိုက်တွန်း
ဒီဇင်ဘာ 28, 2021 | နိုင်ငံရေး

လက်နက်ကိုင်ဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် တိုက်တွန်းထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းမှာ ပဋိပက္ခကို မဖြေရှင်းဘဲ ပို၍သာ ကြာရှည်သွားစေပြီး လူအများ ပိုမိုသေဆုံးခြင်း၊ ငတ်မွတ်ခြင်း၊ ကလေးသူငယ်များ ပညာရေးဆုံးရှုံးခြင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ကျန်းမာရေးစနစ် ထိခိုက်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေကြောင်းကို သတိရစေလိုပါသည်။

ဟု ကာဒီနယ် ချားလ်စ်ဘိုက တိုက်တွန်းထားခြင်း ဖြစ်သည်။

ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းထားကတည်းက တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အာဏာသိမ်းအဖွဲ့က လက်မခံခဲ့ဘဲ ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ငြိမ်းချမ်းသည့်နည်းဖြင့် အာဏာဖီဆန်သည့် CDM ပြုလုပ်ခြင်းတို့လုပ်သည့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်သည့် စစ်အာဏာရှင်တော်လှန်ရေးအတွက် ရရာလက်နက်ကိုင်စွဲသည့် ပြည်သူ့တော်လှန်ရေးအဖွဲ့များနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အာဏာသိမ်းစစ်တပ်က သာလွန်အင်အားဖြင့် နှိမ်နှင်းရာတွင်လည်း အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကိုပါ တိုက်ခိုက်မှုများလုပ်နေခြင်းအပေါ် ကာဒီနယ် ချားလ်စ်ဘိုက ထောက်ပြထားသည်ကိုလည်း တွေ့ရသည်။ 

 မြန်မာ့တပ်မတော်အနေဖြင့် အပြစ်မဲ့ ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများအား ဖျက်ဆီးခြင်းတို့ကို ရပ်တန့်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကျွန်ုပ်တိုက်တွန်းပါသည်။

ဟု ကာဒီနယ်ချားလ်စ်ဘို၏ တိုက်တွန်းချက်တွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့၌ ဒီဇင်ဘာလ(၂၃)ရက်နေ့က ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကျင်းပသည့်  ၂၀၂၁ ခုနှစ် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲသို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်မှုနှင့် ၎င်းထံမှ အလှူငွေ ကျပ်သိန်း (၂၀၀) လက်ခံမှုတို့ကြောင့်  ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုအနေဖြင့် ဘာသာတူများ၏ ပြင်းထန်သည့်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့်   ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲတွင် "မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု၊ စည်းလုံးတိုးတက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အနာဂတ် လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ် လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း   ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ခရစ္စမတ်သဝဏ်လွှာအဖြစ် ထည့်သွင်း ဖတ်ကြားခဲ့ပြီး ယင်းနေ့ညမှာပင် အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် လေးကေ့ကော်မှ စစ်ရှောင်များရှိရာနေရာများကို လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။