KNU နှင့် တစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းတပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၁၀ ဦးသေ

KNU နှင့် တစ်ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းတပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၁၀ ဦးသေ
By Tachileik News Agency

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့က KNU နှင့် တစ်ရက်တာ တိုက်ပွဲအတွင်း   အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၁၀)ဦးသေ၊ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး ကား (၃)စီး ပျက်စီးဆုံးရှုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ-ဘားအံမြို့နယ်၊ မဲသနကျေးနယ်အုပ်စု ကျော်ကေခီးကျေးရွာအနီးတွင် နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက် (၁) နာရီဝန်းကျင်က  BGF (၉၉၉)တပ်မ၊ တပ်နယ်(၃)မှူး စောလားသစ်ဦးဆောင်သော ယာဥ်တန်းကို  ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၁)၊ တပ်ရင်း(၁)က ပစ်ခတ်တိုက်ခိုက်သဖြင့် vigo အမျိုးအစား ကား (၂ )စင်းပျက်စီးပြီး BGF  (၇)ဦးသေ၊ (၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းနေ့မှာပင် (၂)နာရီကျော်၌ ကျော်ကေ့ခီးကျေးရွာနှင့် ဖလံတောင်ကျေးရွာအကြားရှိ နို့ပနားပူ ကားလမ်းမပေါ်တွင် စောလားသစ်နှင့် မဗိုလ်တင်ဝင်း ပူးပေါင်းတပ်ဖွဲ့တို့ မောင်းနှင်လာသော ယာဥ်တန်းကို  KNLA တပ်ရင်း (၁) မှ ပစ်ခတ်တိုက်ခိုက်သဖြင့် BGF(၉၉၉)တပ်မ လက်အောက်ခံ ဒုတပ်ရင်းမှူးစောကျော်ဖောအပါအဝင် (၃)ဦးသေ၍ ကား(၁)စင်း ပျက်စီးခဲ့သည်။

ယင်းနောက် ညနေ (၅)နာရီ (၄၀) မိနစ်တွင်လည်း  စစ်ကူလာပေးသည့် စောလားသစ် BGF (၉၉၉) တပ်ဖွဲ့၏ ယာဉ်တန်းကို  KNLA တပ်ရင်း(၁) လက်အောက်ခံတပ်များက ဘောသပြု ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း၌ အာဏာသိမ်းတပ်နှင့်အတူ လက်အောက်ခံ BGF တပ်ဖွဲ့များက တိုက်ခိုက်မှုများလုပ်နေပြီး  ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးနယ်အုပ်စု၊ မြစ်ကျိုးကျေးနယ်နှင့် မင်းစောကျေးနယ်အုပ်စု ရှိ ကျေးရွာပေါင်း (၁၁) ရွာမှ ဒေသခံ ရပ်မိရပ်ဖများအား KNU အနေဖြင့် ၎င်းတို့အားပစ်ခတ်ပါက ၎င်းတို့က ကျေးရွာတွင်းပစ်ခတ်မည်ဟု  ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။