စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ ဝန်ထမ်း (၁၃)ဦး တာဝန်ကနေ ယာယီရပ်ဆိုင်းခံရ 

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ ဝန်ထမ်း (၁၃)ဦး တာဝန်ကနေ ယာယီရပ်ဆိုင်းခံရ 
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် အခြေစိုက်သည့်  ရှမ်းပြည်နယ်လွှတ်တော်ရုံး၏ ရုံးဝန်ထမ်း (၁၃) ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။



စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ဝန်ထမ်း (၁၃) ဦးအား ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှစ၍ တာဝန်အသီးသီးမှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်လွှတ်တော်ရုံးက ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထားခြင်းဖြစ်သည်။



စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တောင်ကြီးမြို့မှ ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများက ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ကြပြီးနောက် (၈) ရက်နေ့တွင် လွှတ်တော်ရုံးဝန်ထမ်းများအား တာဝန်မှရပ်ဆိုင်းကြောင်း စာထုတ်လာခြင်းဖြစ်သည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ငြိမ်းချမ်းသည့်နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။



Tachileik News Agency